
မန်စီးတီးအသင်းသည် လေဗာကူဆင်ကွင်းလယ်ကစားသမား ဖလော်ရီယန်ဗက်ဇ်အား ခေါ်ယူရန် လေဗာကူဆင်အသင်းနှင့် နှုတ်အားဖြင့် သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း နာမည်ကျော် ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။
မန်စီးတီးအသင်းသည် ယခုရာသီကုန်တွင် အသင်းမှ ထွက်ခွာမည့် ဘယ်လ်ဂျီယံဝါရင့်ကွင်းလယ်ကစားသမား ဒီဘရိုင်းနား (၃၃ နှစ်)၏နေရာတွင် အစားထိုးရန်အတွက် လေဗာကူဆင်ကွင်းလယ်ကစားသမား ဖလော်ရီယန်ဗက်ဇ်ကို အလိုရှိနေခြင်းဖြစ်သည်။
အသက် (၂၂) နှစ်အရွယ်ရှိ ဖလော်ရီယန်ဗက်ဇ်အား ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြပြီး ယင်းထဲတွင် ဘိုင်ယန်မြူးနစ်နှင့် မန်စီးတီးအသင်းတို့က ၎င်းအား ခေါ်ယူရန် အနီးစပ်ဆုံးဖြစ်နေကြောင်း သိရသည်။
ယခုအခါ Bild ၏ ဖော်ပြချက်အရ မန်စီးတီးအသင်းသည် ဖလော်ရီယန်ဗက်ဇ်အား ခေါ်ယူရန် လေဗာကူဆင်အသင်းနှင့် နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
မန်စီးတီးအသင်းသည် ဖလော်ရီယန်ဗက်ဇ်အတွက် လေဗာကူဆင်အသင်း တောင်းဆိုထားသည့် ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၅၀) နှင့် အနီးစပ်ဆုံးပမာဏဖြင့်ကမ်းလှမ်းခဲ့ရာ လေဗာကူဆင်အသင်းက နှုတ်အားဖြင့် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း Bild က ဖော်ပြခဲ့ခြင်းဖြစ်သည်။
သို့ သော် မန်စီးတီးအသင်းအနေဖြင့် ဖလော်ရီယန်ဗက်ဇ်အား ခေါ်ယူနိုင်ရန်အတွက် ကစားသမားနှင့် သဘောတူညီမှုရရန် လိုအပ်နေသေးကြောင်း သိရသည်။
ဗြိတိန်မီဒီယာများ၏ဖော်ပြချက်အရ မန်စီးတီးအသင်းတာဝန်ရှိသူများသည် ဖလော်ရီယန်ဗက်ဇ်၏ မိဘများနှင့်မေ လ (၁၃) ရက်က အင်္ဂလန်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့ပြင် မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ဖလော်ရီယန်ဗက်ဇ်ကိုယ်တိုင်အပါအဝင် ၎င်း၏မိဘများနှင့်လည်း လျို့ဝှက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖလော်ရီယန်ဗက်ဇ်သည် လာမည့်နွေတွင် လေဗာကူဆင်အသင်းမှထွက်ခွာရန် ဆန္ဒရှိနေပြီး ယခုအခါ မန်စီးတီးအသင်းက ၎င်းကိုခေါ်ယူရန် နီးစပ်နေခြင်း ဖြစ်သည်။