Eleven Media Group

စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်အား တစ်နှစ်လစာ ပေါင် (၇) သန်းဖြင့်  ကမ်းလှမ်းရန် အာဆင်နယ်အသင်း အသင့်ရှိနေ

Photo: X

အာဆင်နယ်အသင်းသည် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်အား တစ်နှစ်လစာ ပေါင် (၇) သန်းဖြင့် ကမ်းလှမ်းရန် အသင့်ရှိနေကြောင်း သတင်းထွက်ပေါ်နေသည်။
အသက် (၂၆) နှစ်အရွယ်ရှိ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး ယိုကယ်ရက်စ်သည် စပို့တင်းလစ္စဘွန်းအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ ပွဲ (၅၀) တွင် (၅၂) ဂိုးအထိ သွင်းယူပေးထားသည်။
ထို့ကြောင့် ၎င်းအား ခေါ်ယူရန် မန်ယူနိုက်တက်အပါအဝင် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြောင်း သိရှိရသည်။
သို့သော် ပေါ်တူဂီသတင်းစာ A Bola ၏ဖော်ပြချက်အရ လက်ရှိတွင် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်အား ခေါ်ယူရန် အာဆင်နယ်အသင်းက ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ယိုကယ်ရက်စ်အား ခေါ်ယူရန်အတွက် လက်ရှိတွင် ကစားသမား၏အေးဂျင့်ဖြစ်သူနှင့် ဆွေးနွေးနေပြီး တစ်နှစ်လစာ ပေါင် (၇) သန်း(ယူရို ၈.၃ သန်း) ပေးချေရန် အသင့်ရှိနေကြောင်း သိရသည်။
သို့သော် အာဆင်နယ်အသင်းအနေဖြင့် ယိုကယ်ရက်စ်အတွက် မိခင်ကလပ်ဖြစ်သည့် စပို့တင်းလစ္စဘွန်းအသင်းထံ တရားဝင်ကမ်းလှမ်းမှု မရှိသေးကြောင်း သိရှိရသည်။
ယိုကယ်ရက်စ်သည် စပို့တင်းလစ္စဘွန်းအသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်သည်။
၎င်း၏ စာချုပ်လျော်ကြေး ယူရိုသန်း (၁၀၀) ဖြစ်သော်လည်း လာမည့်နွေတွင် ယူရိုသန်း (၇၀)သို့ ကျဆင်းနိုင်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group