
ယခုရာသီကုန်တွင် ဘရာဇီးလ်လက်ရွေးစင်အသင်းကို ပြောင်းလဲကိုင်တွယ်မည့် ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ယခုရာသီကုန်တွင် အသင်းမှထွက်ခွာရန်ဆုံးဖြတ်ခဲ့ခြင်းမှာ နှစ်ဦးသဘောတူဆုံးဖြတ်ချက်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီအား လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ကြောင်း မေလ (၁၂) ရက်တွင် ကြေညာခဲ့သည်။
အသက် (၆၅) နှစ်အရွယ်ရှိ အီတလီလူမျိုး ၀ါရင့်နည်းပြ အန်ဆယ်aလာ့တီသည် ရီးယဲလ်မက်ဒရစ်အသင်းကို မေလ (၂၅) ရက်တွင် ကစားမည့် ဆိုစီဒက်နှင့် လာလီဂါ ရာသီပိတ်အိမ်ကွင်းပွဲစဉ်အထိ ကိုင်တွယ်မည်ဖြစ် ပြီး မေလ (၂၆) ရက်နေ့မှစတင်ကာ ဘရာဇီးလ်လက်ရွေးစင်အသင်းကို ကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။
အန်ဆယ်လော့တီသည် ရီးယဲလ်မက်ဒရစ်အသင်းကို ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁) ရက်တွင် ဒုတိယအကြိမ် ပြန်လည်ကိုင်တွယ်ခဲ့ပြီး ၎င်း၏လက်ရှိစာချုပ်မှာ ၂၀၂၆ ဇွန်လကုန်တွင်မှ ကုန်ဆုံးမည်ဖြစ်သည်။
သို့သော် ရီးယဲလ်မက်ဒရစ်အသင်းသည် အန်ဆယ်လော့တီနှင့် ယခုရာသီကုန်မှာပင် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ပြီး ၎င်း၏နေရာတွင် လေဗာကူဆင်နည်းပြ အလွန်ဆိုကို အစားထိုးခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အန်ဆယ်လော့တီက ရီးယဲလ်အသင်းနှင့်လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းမှာ နှစ်ဦးသဘောတူဆုုံးဖြတ်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အန်ဆယ်လော့တီက ''ရီးယဲလ်ကို ကျွန်တော် စရောက်တဲ့နေ့တုန်းက (၄) နှစ်အတွင်း ဖလား (၁၁) လုံးရမယ်လို့တောင် မထင်ခဲ့ပါဘူး။ ဒီရာသီမှာတော့ အကြောင်းအမျိုးမျိုးကြောင့် အကောင်းဆုံးမဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ရီးယဲလ်မှာ ဖြတ်သန်းခဲ့ရတဲ့ ကာလတွေဟာ ကျွန်တော့်အတွက် မမေ့နိုင်စရာတွေပါပဲ။ ကျွန်တော့်အနေနဲ့ ရီးယဲလ်အသင်းကို မေလ (၂၅) ရက်နေ့အထိ ကိုင်တွယ်သွားမှာပါ။ ဒီအချိန်က အပြောင်းအလဲလုပ်ရမယ့် အချိန်ဖြစ်ပြီး ဒါကို ကျွန်တော့်အနေနဲ့ ကြည်ကြည်ဖြူဖြူနဲ့ လက်ခံခဲ့တာပါ။ ရီးယဲလ်အသင်းနဲ့ ကျွန်တော့်ရဲ့ရေစက်ကို အဆုံးသတ်ဖို့ ကျွန်တော်တို့အားလုံး သဘောတူဆုံးဖြတ်ခဲ့တာပါ''ဟု ပြောကြားခဲ့သည်။
အန်ဆယ်လော့တီသည် ရီးယဲလ်ကို ဒုတိယအကြိမ်ကိုင်တွယ်ရာတွင် ချန်ပီယံလိဂ်ဖလား (၂)လုံးအပါအဝင် ဆုဖလား (၁၁) လုံးအထိ ရယူပေးနိုင်ခဲ့သည်။