Eleven Media Group

လာမည့်နွေရာသီတွင် ကစားသမား (၈)ဦးကို ရောင်းထုတ်ရန် ဘာစီလိုနာ စီစဉ်

Photo: X

ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီတွင် အသင်းကစားသမား (၈) ဦးကို ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ယခုရာသီတွင် အသင်းအတွက် အထူးခြေစွမ်းပြနေသည့် ရာဖင်ညာနှင့် ယမားလ်တို့ကို လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုရန်နှင့် ကစားသမားသစ်များ ခေါ်ယူရန်အတွက် အသင်းရှိကစားသမားများကို ရောင်းထုတ်ပြီး ရန်ပုံငွေရှာရန် စီစဉ်နေခြင်း ဖြစ်သည်။
The Mirror ၏ဖော်ပြမှုအရ ဘာစီလိုနာအသင်းသည် လာမည့်နွေတွင် အသင်းမှကစားသမားများဖြစ်သည့် ဂါဗီ၊ အန်ဆူဖာတီ၊ အာရူဟို၊ ပီနာ၊ ဟတ်တာဖောင့်၊ ဖာမင်လိုပက်ဇ် နှင့် ပါအူဗစ်တာတို့ကို ရောင်းထုတ်လိုနေကြောင်း သိရသည်။
ထို့ပြင် ဘာစီလိုနာအသင်းသည် အသင်းနှင့်စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သည့် ဖရန်ကီဒီယွန်းကိုလည်း စာချုပ်သက်တမ်းတိုးရန် အဆင်မပြေပါက လာမည့်နွေတွင် ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ယမားလ်အပါအဝင် ကြယ်ပွင့်ကစားသမားအချို့ကိုသာ ချန်လှပ်ပြီး ကျန်ကစားသမားများအတွက် ကမ်းလှမ်းများကို လက်ခံစဉ်းစားသွားမည်ဖြစ်ကြောင်းလည်း သတင်းထွက်နေသည်။

မူရင်းသတင်း — Eleven Media Group