
နာမည်ကျော်ဘရာဇီးလ်အမျိုးသမီးတိုက်စစ်မှူးဖြစ်သူ မာတာသည် နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှ အနားယူထားသော်လည်း ဘရာဇီးလ်အသင်းအတွက် ပြန်ကစားပေးတော့မည်ဖြစ်ကြောင်း သိရသည်။
မာတာ(၃၉ နှစ်)သည် နိုင်ငံလက်ရွေးစင်အသင်းနှင့် ကိုးလကြာ ကင်းကွာနေခဲ့ပြီး ဂျပန်အသင်းနှင့်ကစားမည့် ခြေစမ်းပွဲနှစ်ပွဲအတွက် အသင်းလူစာရင်းတွင် ပြန်လည်ပါဝင်လာခဲ့ခြင်းဖြစ်သည်။
၎င်းသည် အစောပိုင်းက ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲသည် ဘရာဇီးလ်အသင်းအတွက် နောက်ဆုံးကစားခြင်းဖြစ်သည် ဟု ပြောကြားခဲ့သည်။
အိုလံပစ်ပြိုင်ပွဲတွင် ဘရာဇီးလ်အသင်းသည် ဗိုလ်လုပွဲ တက်ရောက်ခဲ့သော်လည်း အမေရိကန်အသင်းကို (၀-၁)ဂိုးဖြင့် အရေးနိမ့်ကာ ဒုတိယနှင့်သာ ကျေနပ်ခဲ့ရသည်။
ဘရာဇီးလ်အသင်းနည်းပြ အာသာအဲလီးယပ်စ်၏ (၂၆)ဦးလူစာရင်းတွင် မာတာကို ထည့်သွင်းရွေးချယ်ခဲ့ပြီး ဂျပန်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲကို မေလ(၃၀)ရက်နှင့် ဇွန်လ(၂)ရက်များ၌ ဆော်ပေါ်လိုတွင် ကစားမည်ဖြစ်သည်။