
ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် လက်ရှိကျင်းပနေသည့် ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးကစားသမားဆုနှင့် အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းများကို ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းတွင် နည်းပြ(၅)ဦးပါဝင်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့သည့် လီဗာပူးလ်နည်းပြ အာနယ်ဆလော့နှင့်အတူ ပယ်ရေရာ(ဝုလ်ဗ်)၊ နူနိုဆန်တို(နော်တင်ဟမ်ဖောရက်စ်)၊ အက်ဒီဟောင်း(နယူးကာဆယ်)နှင့် သောမတ်စ်ဖရန့်ခ်(ဘရန့်ဖို့ဒ်)တို့ ပါဝင်ခဲ့ခြင်းဖြစ်သည်။
အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင်မူ ကစားသမား(၈)ဦးပါဝင်ခဲ့ပြီး ချန်ပီယံလီဗာပူးလ်အသင်းမှ ကစားသမား (၃)ဦးအထိ ပါဝင်ခဲ့သည်။
လီဗာပူးလ်အသင်းမှ ဆာလာ၊ ဗန်ဒိုက်နှင့် ဂရာဗန်ဘတ်ချ်တို့ ပါဝင်ခဲ့ခြင်းဖြစ်ပြီး ကျန်ကစားသမားများမှာ ခရစ္စဝုဒ်(နော်တင်ဟမ်ဖောရက်စ်)၊ ဒက်ကလန်ရိုက်စ်(အာဆင်နယ်)၊ အမ်ဘူမို(ဘရန့်ဖို့ဒ်)၊ အီဆက်ခ်(နယူးကာဆယ်)နှင့် ဂစ်ဘ်ဝှိုက်(နော်တင်ဟမ်ဖောရက်စ်)တို့ဖြစ်သည်။
အသက် (၂၃)နှစ်အောက် ကစားသမားများကို ပေးအပ်ချီးမြှင့်မည့် အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင်လည်း ကစားသမား(၈)ဦးပါဝင်ခဲ့သည်။
အဆိုပါကစားသမားများမှာ ဆာလီဘာ(အာဆင်နယ်)၊ မော်ဂန်ရော်ဂျာစ်(အက်စတွန်ဗီလာ)၊ ပတ်ဒရို(ဘရိုက်တန်)၊ ပါလ်မာ(ချယ်လ်ဆီး)၊ ဟူဆန်(ဘုန်းမောက်)၊ ဂရာဗန်ဘတ်ချ်(လီဗာပူးလ်)၊ အယ်လန်ဂါ(နော်တင်ဟမ်ဖောရက်စ်)နှင့် ဒီလပ်(အစ်ဝစ်ချ်)တို့ ဖြစ်သည်။
ဂရာဗန်ဘတ်ချ်သည် အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင်ရော အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင်ပါ ပါဝင်နေခြင်းဖြစ်သည်။
ပရိသတ်များအနေဖြင့် ယခုဆုများအတွက် မေ(၁၉)အထိ ဆန္ဒမဲပေးခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
အာနယ်ဆလော့နှင့် လီဗာပူးလ်ကစားသမားများ ရရှိရန်အလားအလာများနေကြောင်း သုံးသပ်ခံထားရသည်။