Myanmar Transparency News

တောင်ငူမြို့ ရွှေဆံတော်ဘုရား တန်ဆောင်းမှာ လေဖြတ်နေတဲ့ သက်ကြီးရွယ်အို ဘုန်းကြီးတစ်ပါးကို စွန့်ပစ်သွားမှု ဖြစ်ပွား

၁၆.၆.၂၀၂၅
Written by Hey Mar

ပဲခူးတိုင်း၊ တောင်ငူမြို့၊ တောင်ငူရွှေဆံတော်ဘုရား တောင်ဘက်မုခ်တန်ဆောင်းမှာ လေဖြတ်နေတဲ့ ဘုန်းကြီးတစ်ပါးကို စွန့်ပစ်သွားတဲ့ ဖြစ်စဉ် ဒီနေ့ ဇွန်လ ၁၆ ရက်နေ့ ညနေ လေးနာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ပြီး တာဝန်သိပြည်သူတချို့က မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ Save The Trees Rescue Team ထံ အကြောင်းကြားလာတာကြောင့် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

စွန့်ပစ်ခံရတဲ့ ဘုန်းကြီးက အသက် ၆၂ နှစ်အရွယ် ဦးပညာစာရ လူအမည် ဦးမြဝင်းလို့ သိရှိရပြီး ရေးမြို့၊ ဓမင်းဆိပ်ရွာကလို့သာ ပြောနိုင်ကာ ဘယ်ကျောင်းတိုက်၊ ဘယ်မြို့မှာသီတင်းသုံးပြီး အခုလို တောင်ငူ ရွှေဆံတော်ဘုရားမှာ စွန့်ပစ်ခံရတယ်ဆိုတာကိုတော့ မေးမြန်းလို့ မရသေးကြောင်းနဲ့ ဘုန်းကြီးအချင်းချင်းပဲ ကားနဲ့ လာစွန့်ပစ်သွားတာလို့ မျက်မြင်တချို့က ပြောကြောင်းလည်း ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့တဲ့ တာဝန်ရှိသူက ဆိုပါတယ်။

“သူက စကားမပီတော့လို့ မေးရတာ မသဲကွဲပါဘူး။ ကျန်းမာရေးက အဓိကမို့ ဆေးရုံအရင်တင်ပို့ ကုသပေးနေပါတယ်။ သူ့ရပ်ရွာ မှန်ရင်၊ မှတ်မိရင် လိုက်ပို့ပေးဖို့ စီစဉ်မှာပါ” လို့ MT News က ဆက်သွယ် မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

အဆိုပါ ဘုန်းကြီးမှာ  တစ်ကိုယ်လုံး မစင်အညစ်ကြေးတွေနဲ့ ပေ‌ရေနေတဲ့အတွက် ရေချိူးသန့်စင်ပြီး သင်္ကန်းအသစ်၊ ဒိုက်ပါ စတာတွေပါ လဲလှယ်‌ပေးခဲ့ကာ တောင်ငူပြည်သူ့ဆေးရုံကြီးဆီ တင်ပို့‌ကုသမှု ခံယူနေတယ်လို့လည်း သိရှိရပါတယ်။ ဘုန်းကြီးရဲ့ မိသားစု၊ ဆွေမျိုးမိတ်ဆွေ တွေကို သိရှိပါကလည်း Save The Trees Rescue Team ရဲ့ ဖုန်းနံပါတ်  09256666575 ကို ဆက်သွယ်ပေးဖို့လည်း အသင်းက မေတ္တာရပ်ခံထားပါတယ်။

မူရင်းသတင်း — Myanmar Transparency News