Myanmar Transparency News

ကျောက်ဖြူ ပင်လယ်စာဆိုင် မီးလောင်မှု ပန်ကာမော်တာ အပူလွန်ကဲ၍ စတင်လောင်ကျွမ်းဟု အတည်ပြု

၂၉.၆.၂၀၂၅
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊အမှတ် (၉)ရပ်ကွက်၊ သစ္စာလမ်းပေါ်ရှိ ကျောက်ဖြူရခိုင်မုန့်တီနှင့် ပင်လယ်စာအစားအစာဆိုင်တွင် ယနေ့ ဇွန်လ ၂၉ ရက် နံနက်အစောပိုင်း နံနက် ၁ နာရီခန့်က လောင်ကျွမ်းခဲ့သော မီးလောင်မှုမှာ စားပွဲတင်ပန်ကာမော်တာ အပူလွန်ကဲရာမှ မီးလောင်မှုစတင်ဖြစ်ပွားသည်ဟု စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုမှာ အလျား ၁၈ ပေ၊ အနံ ၄၅ ပေရှိ Steel Structure အုတ်ညှပ် နှစ်ထပ် အပေါ်ထပ်ရှိ ၁၀ ပေ ပတ်လည်အခန်းတွင် ဖြစ်ပွားခဲ့ပြီး အခန်းနှင့် Aircon ၊ အဝတ်အစားနှင့်အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

၁၂ မိနစ်ကြာ လောင်ကျွမ်းခဲ့သော စားသောက်ဆိုင်မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် လေးစီး၊ ရေသယ်ယာဥ် တစ်စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၁၂ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ပင်လယ်စာဆိုင်မီးလောင်မှုနှင့်ပတ်သက်၍ ဆိုင်တာဝန်ခံ အသက် ၂၃ နှစ်အရွယ် မဝင်းမာအေးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News