Myanmar Transparency News

လသာမြို့နယ်ရှိ New Party KTV တွင် ရှမ်းတရုတ်အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် နားထင်ကို ပစ်ခတ် အဆုံးစီရင်

၁၁.၈.၂၀၂၅
Written By Zun

KTV တွင် ရှမ်းတရုတ်အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်သေဆုံးမှု ယမန်နေ့က လသာမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

ယမန်နေ့ သြဂုတ်လ ၁၀ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်(၈)ရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းရှိ ရန်ကုန်သံလွင်ဟိုတယ်၌ ဖွင့်လှစ်ထားသော New Party KTV အခန်းအမှတ် 02 အတွင်း အထက်ပါအတိုင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

CCTV မှတ်တမ်းများနှင့် စစ်ဆေးရမည့်သူများအား စစ်ဆေးချက်များအရ ၎င်းသည် အသက်၅၀ နှစ် အရွယ် ဟော်ချွန်မြန့် (ခ) အာမြင့် ဆိုသူဖြစ်ပြီး ဟိုတယ် ဒုတိယထပ်ရှိ New Party KTV သို့ ယမန်နေ့ နံနက် ၇ နာရီခန့်အချိန်က စတင်ရောက်ရှိချိန်မှစ၍ တစ်ဦးတည်းအရက်သောက်နေခဲ့ကာ အခန်းတွင်းသို့ မည်သည့်ဝန်ထမ်းကိုမှ ဝင်ခွင့်မပြုကြောင်း၊ နေ့လယ် ၁ နာရီခန့်တွင် သေနတ်သံကြားသဖြင့် ဝန်ထမ်းများက အခန်းတွင်းဝင်ကြည့်ရာ အာမြင့်၏ ဘယ်ဘက်နားထင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့်လဲကျသေဆုံးနေကြောင်းနှင့် အနီးတွင် ပစ္စတိုတစ်လက်နှင့် ကျည်ခွံတစ်ခုတွေ့သဖြင့် ရဲတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

ထို့အပြင် သေဆုံးသူ၏ အနီးတွင် သေနတ်တစ်လက်၊ ကျည်ဆံငါးတောင့်ပါ ကျည်အိမ်တစ်ခု၊ ကျည်ခွံတစ်ခုတို့ကို သက်ဆိုင်ရာက တွေ့ရှိ၍ သိမ်းဆည်းစစ်ဆေးနေကြောင်း သိရသည်။

“အဲဒီဟိုတယ်က တရုတ်တွေဖွင့်ထားတဲ့ဟိုတယ်လို့လည်း ပြောနေကြတယ်။ အခု သေတဲ့သူက ဟိုတယ်ရဲ့ဒါရိုက်တာတွေထဲက တစ်ယောက်ပဲ။ အခု လက်ရှိ မှုခင်းဆရာဝန်တွေနဲ့ စစ်ဆေးနေတယ်။ ဒါပေမဲ့ အချက်အလက်တွေအရ သတ်သေတာ ဖြစ်နိုင်တယ်လို့ ကနဦး ကောက်ချက်ချထားတယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းနှင့် ၎င်း သေဆုံးခဲ့သည့် New Party KTV ကို လည်း ယာယီပိတ်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News