Myanmar Transparency News

ဦးထုပ်နဲ့ ဖိနပ်ကို ကန်စပ်မှာချန်ထားရစ်ခဲ့တဲ့ အသက် ၈၀ ဝန်းကျင် အမျိုးသားကြီးရဲ့ ရုပ်အလောင်း အင်းလျားကန်ထဲမှာတွေ့ရှိ

၁၄.၈.၂၀၂၅
Written by  Hey Mar

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊  မြန်မာပလာဇာရှေ့၊ အင်းလျားကန်ထဲမှာ သက်ကြီးပိုင်း အမျိုးသားတစ်ဦးသေဆုံးနေလို့ ရုပ်အလောင်းဆယ်ယူရတဲ့ဖြစ်စဉ် မနေ့က ဩဂုတ် ၁၃ ရက် ည ၁၀ နာရီအချိန်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

သေဆုံးသူက အသက် ၇၈ နှစ်လို့သိရှိရပြီး ဗဟန်းမြို့နယ်မှာ နေထိုင်သူလို့ သိရပါတယ်။ မနေ့က နေ့လယ် ၃ နာရီလောက်ကတည်းက အိမ်ကနေထွက်သွားပြီးပြန်မလာလို့ မိသားစုက ရှာဖွေနေကြတဲ့သူလို့လည်း သိရပါတယ်။

ရုပ်အလောင်းဆယ်ယူရာမှာ ပါဝင်ကူညီပေးခဲ့တဲ့ ရန်ကင်းအခြေပြု လူမှုကူညီရေးအသင်းဖြစ်တဲ့ ရွှေရုပ်လွှာ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ”ရေစပ်မှာ ဖိနပ်နဲ့ ဦးထုပ်လေး ချလျက်သားတွေ့ရတယ်။ သူဆင်းသွားတဲ့ နေရာဖြစ်ပုံရပါတယ်။ အဲဒီ့နားမှာပဲ အလောင်းက ပေါ်တာပေါ့။ တွေ့ရတာ။ နေ့ချင်းပေါ်တာ။ မနေ့က ညနေကမှပျောက်တာ။ အလောင်းတွေ့တော့လည်း နာရီပိုင်းအတွင်း တွေ့တာ။ ရေငုပ်မရှာရဘူး။ အလောင်းပေါ်နေတာကို တွေ့တဲ့သူက သက်ဆိုင်ရာကိုအကြောင်းကြားတာ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

အဆိုပါတွေ့ရှိတဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာက ရင်ခွဲစစ်ဆေးတာတွေ ပြုလုပ်နိုင်ဖို့ မြောက်ဥက္ကလာဆေးရုံဆီ မေတ္တာသီတာ‌ရေစင် လူမှုကူညီရေးအသင်းယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News