Myanmar Transparency News

ရင်သွေးငယ် နေမကောင်းလို့ ဆေးဖိုး ကျပ် ၃၀၀၀ လိုအပ်နေတဲ့ တစ်ခုလပ်မိခင်က ဆေးဖိုးရဖို့ ရေမြောင်းထဲ ပလုံဆင်းကောက်ရင်း ရေနစ်သေဆုံး

၂၆.၉.၂၀၂၅
Written by Hey Mar

ပလုံလောက်ရာမှာ ‌ကုန်းပေါ်မှာ ကောက်ရင် သိပ်မရလို့ ပိုမိုရရှိ‌အောင် သူများမကောက်တဲ့ ရေနုတ်မြောင်းကျယ်‌အတွင်း အမှိုက်သရိုက်တွေထဲက ရှာဖွေရင်း ရင်ခွင်ပိုက်ကလေးငယ်ရှိတဲ့ တစ်ခုလပ်မိခင်တစ်ဦး မြောင်းထဲရေနစ်သေဆုံးခဲ့ရတဲ့ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက ပဲခူးမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်က ဒီနေ့မနက် ၁၁ နာရီခန့်မှာ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက် (၉) အပိုင်၊ ကြေးသွန်းအနောက်၊ ရေနုတ်မြောင်းကျယ်မှာ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးကြောင်း တာဝန်သိပြည်သူ တချို့ရဲ့ အကြောင်းကြားချက်အရ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတွေ သွားရောက်ခဲ့ရာ သေဆုံးသူမှာ ဥဿာမြို့သစ် (၉)ရပ်ကွက်မှာ နေထိုင်သူ မသင်္ကြန်မိုးဖြစ်ကြောင်း၊ ဟင်္သာဝတီရေမြောင်းအတွင်း ရေသန့်ဘူးခွံကို ဆင်းကောက်စဥ် ရေနစ်မြုပ်ကာ သေဆုံးသွားကြောင်း သိရှိရတယ်လို့ မေတ္တာရွှေစင် ပရဟိတအသင်းတာဝန်ရှိသူက MT News ကို ပြောပါတယ်။

အဆိုပါအသင်းတာဝန်ရှိသူက သေဆုံးသူ အမျိုးသမီးငယ်ကို လွန်ခဲ့တဲ့ တစ်နှစ်ခန့်ထဲက လသားအရွယ် ကလေးငယ်လေး ချီကာ အမှိုက်ကောက်ဖို့သွားတာကို ရုံးရှေ့ကနေ မကြာခဏတွေ့ခဲ့ရ‌လို့ သတိထားမိကြောင်း၊ ကလေးအတွက်စိုးရိမ်မိလို့ နောက်ပိုင်းမှာ အမျိုးသမီးရဲ့ ဘဝနေထိုင်မှု အခြေအနေကို မေးကြည့်ရာ အိမ်ထောင်ကွဲသွားပြီး ကလေးနဲ့ဘဝကိုရုန်းကန်နေရတဲ့မိခင်တစ်ယောက်ဆိုတာ သိရှိရလို့ တစ်ခါတစ်ရံ ကူညီနိုင်တာလေးတွေရှိရင်ကူညီပေးဖြစ်ကြောင်း ဆိုပါတယ်။

“အခု အမေဖြစ်သူ နာရေးပြီးမှပဲ ကလေးကိစ္စ စီစဉ်ရမယ်။ ကလေးက နေမကောင်းတော့ ဆေးကုသပေးတာတွေ စီစဉ်ပေးထားပါတယ်။ သူ့ရဲ့ကလေးလေးနေမကောင်းဖြစ်နေတာ၂ ရက် ၊ ၃ ရက်ရှိပြီတဲ့။ ကလေးအတွက်ဆေးလေးဝယ်ဖို့ပိုက်ဆံ ၃၀၀၀ မရှိလို့ ကုန်းပေါ်မှာအမှိုက်ကောက်ရင် မရမှာစိုးလို့ ဘယ်သူ့မှမကောက်တဲ့ ရေမြောင်းထဲမှာသွားကောက်ရင်း ရေနစ်သေဆုံးသွားတာပါတဲ့။ စိတ်ထဲမကောင်းလိုက်တာဗျာ” လို့ မေတ္တာရွှေစင် ပရဟိတအသင်းတာဝန်ရှိသူက ဆက်လက်ပြောပါတယ်။
‌
သေဆုံးသူ မသင်္ကြန်မိုးရဲ့ ရုပ်အ‌လောင်းကို ပရဟိတအသင်း စေတနာ့ဝန်ထမ်းတွေက ရေထဲကဆယ်ယူပြီး ပဲခူးဆေးရုံကြီး ရင်ခွဲရုံဆီ ပို့‌ ဆောင်ခဲ့ကာ သက်ဆိုင်ရာရဲ့ လုပ်ငန်းစဉ်တွေအပြီး ရုပ်အလောင်းကို ဆင်ဖြူကွင်းသုသာန်မှာ မနက်ဖြန် သင်္ဂြိုဟ်မှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News