Myanmar Transparency News

နေအိမ်တွင်ရှိနေသည့် သက်ကြီးပိုင်းအမျိုးသားကို PDF လေးဦးက ဒလန်ဟုသမုတ်ကာ ဖမ်းဆီးပြီး ရွာလယ်လမ်းပေါ် ပစ်သတ်

နေမိုး
၁၂. ၁၁. ၂၀၂၅

နေအိမ်တွင်ရှိနေသည့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးကို PDF လေးဦးက ဒလန်ဟု သမုတ်ကာ ဖမ်းဆီးပြီး ရွာလယ်လမ်းပေါ် ပစ်သတ်လိုက်မှု နတ်မောက်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လျှော်ချောင်းကြီးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နိုဝင်ဘာ ၉ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် အဆိုပါကျေးရွာနေ ဦးဇော်ဝင်း (၅၉) နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF လေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆို၍ ဖမ်းဆီးခေါ်ဆောင်ကာ နေအိမ်နှင့် ကိုက် ၂၀၀ ခန့်အကွာ ရွာလယ်လမ်းပေါ်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဇော်ဝင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News