Myanmar Digital News

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၁၂

 

ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိရုံးအမှတ်(၂၄) ကာကွယ်ရေး ဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယခုကဲ့သို့ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအတွက် လာရောက်တွေ့ဆုံသည့်အပေါ် ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဦးတည်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုတင်ကန့်သတ်ချက်များ မထားဘဲ တွေ့ဆုံဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ဆွေးနွေးလျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှင့် ပတ်သက်ပြီး တရားဝင်လမ်းကြောင်းဖြင့်သာ နှစ်ဖက်ညှိနှိုင်းပြီး ဆောင်ရွက်လိုကြောင်း၊ အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ရပ်တည်မှုသည် တရားမဝင် ကုန်သွယ်မှုများအပေါ် အခွန်ကောက်ခံခြင်းနှင့် အွန်လိုင်းလိမ်လည်မှုများမှ ရရှိသည့် ဝင်ငွေများဖြင့် ရပ်တည်နေခြင်းဖြစ်သည့်အတွက် တရားမဝင်ကုန်သွယ်မှုနှင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက်စေရန် နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည်မှု နှင့်ပတ်သက်ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် ကိစ္စရပ်များကိုလည်း ထိုင်းနိုင်ငံအနေဖြင့် ပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeowက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်ရန်၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးနှင့် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုကိစ္စများအတွက် လာရောက် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးကို တရားဝင် လမ်းကြောင်းဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် မြန်မာနိုင်ငံအား ငြိမ်းချမ်းပြီး ပိုမိုတိုးတက်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် တွေ့မြင်လိုကြောင်း၊ အွန်လိုင်းလိမ်လည်မှုသည် တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသည့် ကိစ္စဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင် မည့်နည်းလမ်းကို ရှာဖွေရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် နှစ်ဖက်သိရှိလိုသည်များကို အပြန်အလှန် ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ် ဆွေးနွေးညှိနှိုင်း ခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထိုက်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်မျိုးသန့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။  

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News