Myanmar Transparency News

နေအိမ်တွင်ရှိနေသည့် သားအဖနှစ်ဦးကို ဒလန်ဟုဆိုကာ ပဲခူး PDF ပစ်သတ်၍ ဖခင်သေဆုံးကာ သမီးဒဏ်ရာရ

နေမိုး
၁၃. ၁၁. ၂၀၂၅

နေအိမ်တွင်ရှိနေသည့် သားအဖနှစ်ဦးကို ဒလန်ဟုဆိုကာ ပဲခူး PDF ပစ်သတ်၍ ဖခင်သေဆုံးကာ သမီးဒဏ်ရာရမှု ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးနှင့် ဒဏ်ရာရရှိသူ အမျိုးသမီးတစ်ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နိုဝင်ဘာ ၁၀ ရက် ည ၁၀ နာရီ ၁၀ မိနစ်တွင် နတ်တလင်းမြို့နယ်၊ သခွတ်ကုန်းကျေးရွာနေ ဦးဝင်းခိုင်(ခ)ခိုင်ခိုင် (၄၈)နှစ်သည် ၎င်း၏သမီးဖြစ်သူ မဇင်မာခိုင်(၂၇)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF ငါးဦးခန့် ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးဝင်းခိုင်(ခ)ခိုင်ခိုင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မဇင်မာခိုင်တွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးသည် နိုင်ငံ့ဝန်ထမ်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများကို PDF များက ဒလန်၊ သတင်းပေးစွပ်စွဲကာ သတ်ဖြတ်မှုများ အများအပြားပြုလုပ်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သလို ကျူးလွန်သူများကို ဖမ်းဆီးရမိမှုလည်း နည်းပါးသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News