Myanmar Transparency News

ဖျာပုံမြစ်ဝမှာ ငါးဖမ်းသင်္ဘောတစ်စီး မီးလောင်

၁၇.၁၁.၂၀၂၅
Written by Hey Mar

ဒီနေ့ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၈ နာရီဝန်းကျင်က ဖျာပုံမြို့နယ်၊ ဖျာပုံမြစ်ဝမှာ ငါးဖမ်းသင်္ဘောတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ဖြစ်စဉ်ဖြစ်ပွားတာက မနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်လို့ သိရပြီး နေရာက ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ တင်ပုလွဲကျေးရွာ အုပ်စု၊ ဓမင်းဆိပ်ကျေးရွာအနီး ဖျာပုံမြစ်ဝမှာလို့ သိရပါတယ်။

အဆိုပါမီးလောင်မှုနဲ့ ပတ်သတ်လို့ ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက “မီးလောင်ရတဲ့အကြောင်းအရင်းကတော့ စုံစမ်းစစ်ဆေးဆဲပါခင်‌ဗျ။ ဖြစ်တဲ့ဒေသက ရေလမ်း‌ကြောင်းလည်း သွားရမလွယ်တော့ တိုင်းမီးသတ်၊ မြို့နယ်မီးသတ်တွေ ကြိုးစားငြှိမ်းသတ်ပြီး ရေထဲမှာပဲ အကုန်နီးပါး လောင်ကျွမ်းသွားတဲ့ အခြေအနေပါ။ ဆီလည်းပါတော့ Foam Type ကိုသုံးပြီး ငြှိမ်းသတ်ရပါတယ်။ အခုတော့ ငြိမ်းသွားပါပြီ။ လူထိခိုက်မှု မရှိခဲ့ပါဘူး”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

ငါးဖမ်းသင်္ဘောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိတာကြောင့် ဖျာပုံခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ကျုံကဒွန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အပေါ့စားစက်(၁)လုံးတို့နဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မိနစ် ၄၀ နီးပါး ငြှိမ်းသတ်ခဲ့ရပြီး  ၈ နာရီ ၅၅ မိနစ် အချိန်မှာ  မီးငြိမ်းတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News