Myanmar Transparency News

ကလေးပစ္စည်းတွေတင်လာတဲ့ Box ကားတစ်စီး အင်းစိန်မှာ မီးလောင်

၂၄.၁၁.၂၀၂၅
Written by Hey Mar

ပစ္စည်းတင်တဲ့ ‌Box ကားတစ်စီး မောင်းနှင်နေရင်း မီးလောင်ခဲ့တဲ့ဖြစ်စဉ် ဒီနေ့ မနက် ၁၀ နာရီဝန်းကျင်က ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ မီးရထားအရာရှိအိမ်ရာအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ အင်းစိန် Volunteer group ထံကနေ သိရပါတယ်။

ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်းမကြီး၊ Denko ဆီဆိုင်အနီး မီးရထားအရာရှိအိမ်ရာရှေ့မှာ ဒီနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ မနက် ၁၀ နာရီ ၂၇ မိနစ်ခန့်ကဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် Box ကားတစ်စီးလုံးနီးပါး မီးလောင်ကျွမ်းခဲ့ပြီး ယာဉ်မောင်းဖြစ်သူ လက်တစ်ဖက် အနည်းငယ်မီးဟပ်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ အင်းစိန်Volunteer Group မှ တာဝန်ရှိသူက “ကား‌ထဲမှာ ပစ္စည်းတွေလည်းပါပါတယ်။ ကလေးပစ္စည်း အရောင်းဆိုင်က ကားထင်ပါတယ်။ ကလေးစီးစက်ဘီလေးတွေ၊ လှုပ်ပုခက်တွေနဲ့ ကလေးအသုံးအဆောင် လိမ်းစရာပစ္စည်းတွေ တွေ့တယ်။ တခြားတိုက်မိတာတွေ ဘာတွေ မရှိလို့ ဝါယာရှော့ခ်ဖြစ် လောင်ကျွမ်းတယ်လို့တော့ သက်ဆိုင်ရာက ကနဦး ကောက်ချက်ချထားပါတယ် “လို့ MT News ကို ပြောပါတယ်။

မီးလောင်မှုဖြစ်စဉ်ကို အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၃၃ မိနစ်အချိန်မှာ မီးငြိမ်းခဲ့ပြီး ယာဉ်မောင်းဖြစ်သူကိုတော့ သက်ဆိုင်ရာက စစ်ဆေးမေးမြန်းဖို့ ခေါ်ယူသွားတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News