Myanmar Transparency News

အထပ်မြင့်တိုက် ခုနစ်လွှာကနေ သက်လတ်ပိုင်းအရွယ် လူရွယ်ပြုတ်ကျသေဆုံးမှု မြောက်ဒဂုံမှာ ဖြစ်ပွား

၂၅ .၁၁. ၂၀၂၅
Written by Hey Mar
 
အထပ်မြင့်တိုက်ပေါ်ကနေ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ခြောက်ထပ်တိုက်၊ ခုနစ်လွှာကနေ ဒီနေ့ မနက် ၂ နာရီဝန်းကျင်က အမျိုးသားတစ်ဦး ခုန်ချကြောင်း တာဝန်သိပြည်သူတချို့က ဆက်သွယ်အကြောင်းကြားတာကြာင့် သက်ဆိုင်ရာနဲ့အတူ လူမှုကူညီရေးအသင်းတွေက ကူညီဆောင်ရွက်ပေးဖို့ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

ခုန်ချခဲ့တဲ့ အမျိုးသားက အသက် ၃၀ ဝန်းကျင်အရွယ်လို့ သိရပြီး ကယ်ဆယ်ရေးသမားတွေ ရောက်ရှိချိန် အဆိုပါအမျိုးသားကို ဘယ်ဘက်မေးရိုးကျိုး ဒဏ်ရာ၊ ဘယ်ဘက်လက်ကျိုး၊ ဘယ်ဘက်ခြေထောက်ကျိုးတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးလျက်သား တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးသူအမျိုးသားရဲ့ ရုပ်အလောင်းကို အဖြူရောင်ဦးချက်လူမှုကူညီကယ်ဆယ်ရေးအသင်းယာဉ်နဲ့ မြောက်ဥက္ကလာပဆေးရုံဆီ ပို့ဆောင်ကူညီ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News