Myanmar Transparency News

မြဝတီမြို့ ချောင်းဆုံတံတားအနီး ရေဆင်းကူးရင်း နစ်မြုပ်ပျောက်ဆုံးနေသူ လူငယ် လေးဦီးအနက် နှစ်ဦး ရုပ်အလောင်းကို ကိုးရက်အကြာမှာ ပြန်တွေ့

၂၅.၁၁.၂၀၂၅
Written by Hey Mar

ထိုင်း-မြန်မာ နယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ သောင်ရင်းမြစ်နဲ့ မဲ့ပလဲ့ချောင်းတို့ ဆုံရာ၊ ဒေသအခေါ် ချောင်းဆုံဆိုတဲ့ နေရာမှာ လွန်ခဲ့ ၉ ရက် နိုဝင်ဘာ ၁၇ ရက်နေ့က အပျော်တမ်းရေကူးဆော့ကစားရာကနေ အမျိုးသား လေးဦးရေနစ်ပျောက်ဆုံးခဲ့ရာ ဒီနေ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာတော့ အမျိုးသား နှစ်ဦးရဲ့ ရုပ်အလောင်း ပြန်တွေ့ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဗဟို) မြဝတီမြို့မှ တာဝန်ရှိသူထံက သိရပါတယ်။

အဆိုပါ ရုပ်အလောင်း နှစ်လောင်းကို သေဆုံးသူ‌တွေ ရေထဲဆင်းဆော့ကစားရာနေရာ ချောင်းဆုံတံတားအနီးကနေရာနဲ့ ရေမိုင် ၇ ဖာလုံ အကွာလောက်မှာ ကမ်းစပ်ဘေး သစ်မြစ်တွေထဲကြားထဲကနေ ပြန်လည်တွေ့ရှိဆယ်ယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဗဟို) မြဝတီမြို့မှ တာဝန်ရှိသူက ဆိုပါတယ်။

အဆိုပါတာဝန်ရှိသူက “အလောင်းတွေက သဲထဲနစ်မြုပ်နေပြီး သဲဖုံးနေတာမို့ ဒီလောက်ရက်‌တွေကြာနေပေမယ့် ရုပ်မပျက်ဘူး။ ပုံမှန်ဆို ကိုးရက်ဆိုတဲ့အချိန်မှာ အတော်ပွနေပြီ။ ကျန်နှစ်လောင်းလည်း အနီးအနားမှာပဲ ပေါ်နိုင်ပါတယ်။ ဆက်စောင့်နေတာပေါ့။ ရှာဖွေတာမျိုးတော့ မဟုတ်တော့ဘူး” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

ဖြစ်စဥ်ရဲ့ မြဝတီ ချောင်းဆုံမြစ်ရေနစ်မှုက လူငယ် ၄ ဦးမှာ ၃ ဦးက ရေဆင်းကူးရင်း ရေကူးပြိုင်တဲ့ ပုံစံမျိုး ဆော့ကစားနေတာကို ကျန်တစ်ဦးက ကမ်းစပ်ကနေ ဗီဒီယို ရိုက်ကူးပေးနေခဲ့တာ ဖြစ်ပါတယ်။ ရေကူးနေတဲ့ ၃ ဦးအနက် တစ်ဦး နစ်မြုပ်သွားရာက ဝိုင်းဆယ်ကြရင်း ဗီဒီယိုရိုက်ကူးပေးနေသူကပါ ဖုန်းကို ချထားပြီး ဆင်းကယ်ခဲ့ရာက ၄ ဦးစလုံး ရေနစ်မြုပ်ပျောက်ဆုံးခဲ့တာဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ နောက်ဆုံးမှတ်တန်းပါဖုန်းကိုတော့ ကမ်းစပ်က ပြန်လည်တွေ့ရှိခဲ့တာပါ။

ချောင်းဆုံဒေသက သဲစုပ်ယူမှုတွေကြောင့် ရေအောက်မျက်နှာပြင်မှာ သဲကျင်းဂလိုင်‌တွေဖြစ်ပေါ်နေပြီး ပျောက်ဆုံးနေသူတွေက အဲဒီသဲကျင်းတွေထဲ မြုပ်ဝင် ဖုံးလွှမ်းနေနိုင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့က သုံးသပ်ထားပြီး အခုလို ပြန်လည်ရုပ်အလောင်းတွေ့ရှိတာက ရုပ်အလောင်းက ရက်ကြာလို့ တဖြည်းဖြည်း ပွလာတဲ့အခါ အပေါ်ကို မြောက်တက်လာတာဖြစ်နိုင်ကြောင်း ဆိုပါတယ်။

ဆယ်ယူရရှိတဲ့ ရုပ်အလောင်း နှစ်လောင်းကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ချုပ်မှ မြဝတီပြည်သူ့ဆေးရုံကြီးဆီ သွားရောက်ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News