Myanmar Transparency News

လမ်းဘေးတွင် ရပ်ထားသော ခြောက်ဘီးယာဥ်ကို Toyota Mark X ယာဥ် ဝင်တိုက်၍ အမျိုးသားသုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရမှု အောင်ပန်းတွင် ဖြစ်ပွား

၂၉.၁၁.၂၀၂၅
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၇၉/၅ နှင့် ၇၉/၆ ကြားတွင် လမ်းဘေး၌ ရပ်ထားသော ၆ ဘီးယာဥ်ကို Toyota Mark X ယာဥ် ဝင်တိုက်၍ အမျိုးသားသုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရမှု နိုဝင်ဘာလ ၂၈ ရက် ည ၆ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ တောင်ကြီးဘက်မှ ကလောဘက်သို့ Toyota Mark X အမျိုးအစား ခဲရောင်မော်တော်ယာဥ်က ပြည်ထောင်စုလမ်းအတိုင်း မောင်းနှင်လာစဥ် မိုင်တိုင်အမှတ် ၇၉/၅ နှင့် ၇၉/၆ ကြား၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသော Dump Truck အမျိုးအစား အဖြူရောင် ခြောက်ဘီးယာဉ်ကို အနောက်မှ ဝင်တိုက်မိခဲ့​ကြောင်း သိရသည်။

ယာဥ်တိုက်မှုကို မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြရာ Toyota Mark X ယာဥ်ပေါ်ပါသူ အမျိုးသားလေးဦးအနက် ယာဥ်မောင်းအပါအဝင် အမျိုးသားသုံးဦးမှာနေရာတွင်ပင်သေဆုံးခဲ့ပြီး ကျန်အမျိုးသားတစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ရာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။

“ကားပေါ်လိုက်လာတဲ့သူက အောင်ပန်း ပင်မှီ(ရွာမ)ဘက်ကလို့ကြားတယ်။ တစ်ယောက်ပဲ ရှင်တယ်။ ကားကလည်း ကြေမွသွားတယ်။ လမ်းဘေးရပ်ထားတဲ့ကားတွေကလည်း ရောင်ပြန်မပါ၊ မီးမပါနဲ့ အရှိန်ပါရင် ကွေ့ကြောတွေက ထိန်းဖို့မလွယ်ဘူး။ ရောင်ပြန်မပါဘဲ ရပ်ထားတာတွေကြောင့် ခဏခဏဖြစ်ကြတယ်” ဟု အောင်ပန်းဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူသုံးဦးမှာ ယာဥ်မောင်းကိုအောင်နိုင်၊ ကိုလှဆောင်၊ ကိုရွှေအိုးတို့ဖြစ်ပြီး သေဆုံးသူနှင့်ဒဏ်ရာရရှိသူများကို အောင်ပန်းမြို့နာရေးကူညီမှုအသင်းနှင့် မဟာလူမှုကယ်ဆယ်ရေးအသင်းမှအသင်းဝင်များက အောင်ပန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News