Myanmar Transparency News

နေအိမ်တွင် ရှိနေသည့် ပြည်ခိုင်ဖြိုးပါတီဝင်ကို ရွာငံ PDF ၁၀ ဦးက ဒလန်ဟုတံဆိပ်ကပ်ကာ လာဖမ်းပြီး ဦးခေါင်းကို ပစ်ခတ် သတ်ဖြတ်

နေမိုး
၂၉. ၁၁. ၂၀၂၅

နေအိမ်တွင် ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးကို ရွာငံ PDF ၁၀ ဦးက ဒလန်ဟုတံဆိပ်ကပ်ကာ လာရောက်ဖမ်းဆီးသွားပြီးနောက် နေအိမ်အနီးဝန်းကျင်တွင်ပင် ဦးခေါင်းကို သေနတ်ဖြင့်တေ့ကာ ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက် ည ၁၂ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်သူ ဦးသက်နိုင်ထွန်း (ခ)ကိုထွန်း (၄၃) နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF ၁၀ ဦးခန့် ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆို၍ ဖမ်းဆီးခေါ်ဆောင်ကာ နေအိမ်အရှေ့မြောက်ဘက် ကိုက် ၃၀၀ ခန့် အကွာ လမ်းဘေး၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသက်နိုင်ထွန်း(ခ)ကိုထွန်းတွင် ကျည်ထိမှန် ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့အတူ ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက် ည ၁၀ နာရီ ၁၅ မိနစ်အချိန်ကလည်း ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာနေ ဦးတင်အောင်စိုး(ခ)ဘဂျမ်း(၄၆)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ပိုးတီ(၂၆)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF ၁၀ ဦးခန့် ရောက်ရှိလာပြီး နေအိမ်အနောက်ဘက်ရှိ ဝက်သတ်ရုံအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်ကာ “သတင်းပေး၊ ဒလန်” ဟု ပြောဆို၍ သံတုတ်၊ ဓားများဖြင့် ရိုက်နှက်ထိုးခုတ် သတ်ဖြတ်သွားခဲ့သဖြင့် ဦးတင်အောင်စိုး(ခ)ဘဂျမ်းတွင် ဦးခေါင်းကြေမွ ဒဏ်ရာ၊ လည်ပင်းဝဲဘက် ထိုးသွင်း ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

NLD ၏ မဲမသမာမှုကြောင့် အာဏာထိန်းသိမ်းမှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ ယခုကာလအထိ အတိုက်အခံပြည်ခိုင်ဖြိုးပါတီ၏ ပါတီဝင် ၁၀၀၀ ကျော် အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News