Myanmar Transparency News

လမ်းပေါ် တောင်းရမ်းစားသူ မိန်းကလေးငယ်တစ်ဦး ကားတိုက်ခံရ၍ သေဆုံးမှု လှိုင်သာယာတွင် ဖြစ်ပွား

၁.၁၂.၂၀၂၅
Written by KL

ရန်ကုန်တိုင်း​ဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ BOC မီးပွိုင့်တွင် လမ်းဘေး၌ တောင်းရမ်းစားသောက်သူမိန်းကလေးငယ်တစ်ဦး ကားတိုက်ခံရ၍ သေဆုံးခဲ့မှု နိုဝင်ဘာလ ၃၀ ရက်၊ ည ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ BOC မီးပွိုင့်တွင် တောင်းရမ်းစားသောက်နေသော အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်ကို ကားတစ်စီးက ဝင်ရောက်တိုက်မိခဲ့ရာ ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိကာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

“ကားကတိုက်ပြီး မောင်း​ပြေးသွားတယ်။ အတိုက်ခံရတဲ့ကလေးမလေးက နေရာမှာပဲ ခေါင်းပြားပြီးဆုံးသွားတယ်”ဟု သွားရောက်ကူညီသူတစ်ဦးက ပြောသည်။

သေဆုံးသူမိန်းကလေးငယ်၏ ရုပ်အလောင်းကို ဒေသခံလူမှုကူညီရေးအသင်းတစ်ခုက လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သလို မိန်းကလေးကိုတိုက်ကာ ထွက်ပြေးနေသော ယာဥ်မောင်းကို ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

“ကလေးတွေကို အန္တရာယ်များတဲ့ ကားလမ်းပေါ်မှာ တောင်းရမ်းခိုင်းတဲ့ မိဘတွေကို ထိထိရောက်ရောက် အရေးယူသင့်တယ်။ တချို့ကလေးတွေက မိဘကိုကြော​က်လို့ တောင်းရတာမျိုးတွေရှိတယ်။ အခုဆုံးသွားတဲ့ကလေးရဲ့မိဘတွေဆို ခြေကောင်းလက်ကောင်း ၊လူလတ်ပိုင်းတွေပဲ ရှိသေးတယ်”ဟု လှိုင်သာယာဒေသခံတစ်ဦးက ပြောသည်။

မူရင်းသတင်း — Myanmar Transparency News