Myanmar Transparency News

မန္တလေးက ပေါက်ကျိုင်း လက်ဖက်ရည်ဆိုင်မီးလောင်မှု ဆိုင်ဝန်ထမ်းကလေးတစ်ဦး မီးလောင်ဒဏ်ရာရရှိ

၄.၁၂.၂၀၂၅
Written by Hey Mar

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၅၈ လမ်း၊ ၁၀၁ လမ်းနဲ့ ၄၃ လမ်းကြား သိပ္ပံလမ်းပေါ်ရှိ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင် ဒီ‌နေ့မနက် ၇ နာရီကျော်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါမီးလောင်မှုအတွင်း လူထိခိုက်မှုတချို့ရှိခဲ့တယ်လို့ နယ်မြေခံတာဝန်ရှိသူတချို့ကနေ သိရပါတယ်။

ဖြစ်စဉ်က ဒီနေ့ ဒီဇင်ဘာ ၄ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန်ခန့်မှာ ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Level 1 အဆင့်ခေါ်ယူငြှိမ်းသတ်ခဲ့ရကာ မိနစ် ၃၀ ခန့်အကြာမှာ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။

“လူထိတာက လက်ဖက်ရည်ဆိုင်က ကလေး။ ယောကျ်ားလေးထိတာ။ မီးလောင်ဒဏ်ရာရတာပါ။ မင်္ဂလာဆေးရုံမှာ အခုတင်ထားတယ်။ မီးငြှိမ်းသတ်တဲ့ မီးသတ်သမားတွေလည်း မီးခိုးမွှန်၊ အောက်စီဂျင် ပြတ်လပ်တာတွေ ဖြစ်တယ်။ မီးလောင်တဲ့ နေရာရဲ့ဘေးက နှစ်ထပ်တိုက်မှာ အမျိုးသမီးတစ်ဦး ပိတ်မိနေတာကိုလည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအသင်းတွေက ကူညီကယ်ထုတ်နိုင်ခဲ့တယ်” လို့ MT News ကို ပြောပါတယ်။

မီးလောင်ကျွမ်းရမှု ဖြစ်စဉ်အသေးစိတ်ကိုတော့ မီးသတ်တပ်ဖွဲ့က စစ်ဆေးနေဆဲဖြစ်ပြီး လက်ဖက်ရည်ဆိုင်ရဲ့ မီးဖိုဆောင်က စတင်လောင်ကျွမ်းတယ်လို့ ကနဦးကောက်ချက်ချထားတယ်လို့လည်း သိရှိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News