Myanmar Transparency News

၁၂ ဘီးကားကို ခြောက်ဘီးကားက နောက်ကနေဝင်တိုက်လို့ အမျိုးသားနှစ်ဦးသေဆုံးမှု ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာဖြစ်ပွား

၅.၁၂.၂၀၂၅
Written by Hey Mar

ကားလမ်းအောက်ကြောမှာရပ်ထားတဲ့ ၁၂ ဘီး ကုန်တင်ကားကို ကြက်တွေတင်ဆောင်ကာ အရှိန်နဲ့မောင်းနှင်လာတဲ့ ခြောက်ဘီးယာဉ်က နောက်ကနေ ဝင်တိုက်တာကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ဒီဇင်ဘာ ၄ ရက်နေ့ ညနေ ၆ နာရီ‌ကျော် အချိန်ခန့်က ရန်ကုန်-မော်လမြိုင်ကားလမ်း‌ပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ဒီဇင်ဘာလ ၄ ရက်နေ့ ည ၆ နာရီ ၃၆ မိနစ်အချိန်ခန့်က ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ သထုံမြို့အဝင်တိုးဂိတ်အနီး လမ်း‌‌အောက်ကြောပေါ်မှာ ကုန်တွေကို အုပ်မိုးထားတဲ့ မိုးကာကို ပြန်လည်ပြုပြင်နေတဲ့အတွက် ၁၂ ဘီးယာဉ်က ခေတ္တရပ်ထားစဉ် ကြက်၊ ဘဲတွေဖမ်းတဲ့ခြင်း‌တွေကို တင်ဆောင်လာတဲ့ ခြောက်ဘီးယာဉ်က အနောက်က‌နေ အရှိန်နဲ့ ဝင်တိုက်မိခဲ့တာကြောင့် ခြောက်ဘီးယာဉ်ရဲ့ ယာဉ်မောင်းသေဆုံးပြီး ခေါင်းခန်းကနေ လိုက်ပါစီးနင်းလာတဲ့ ယာဉ်အကူမှာ ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကားခေါင်းခန်းအတွင်းညပ်နေတဲ့ ယာဉ်မောင်းရဲ့ ရုပ်အလောင်းနဲ့ ပြင်းထန်ဒဏ်ရာရရှိထားတဲ့ ယာဉ်အကူကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေက ခက်ခက်ခဲခဲ ထုတ်ယူခဲ့ရပြီး ဆေးရုံကို တင်ပို့စဉ်မှာ ရရှိထားတဲ့ဒဏ်ရာတွေကြောင့် ယာဉ်အကူမှာ ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူနှစ်ဦးစလုံးရဲ့ ရုပ်အလောင်းကို အဖြူရောင်နှလုံးသား လူမှုကူညီရေးအသင်းကပဲ သထုံပြည်သူ့ဆေးရုံကြီးပြင်ပလူနာကုသဌာနမှာ သေဆုံးကြောင်း အတည်ပြုကာ ရင်ခွဲရုံဆီ ဆက်လက်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News