Myanmar Transparency News

တရုတ်တန်းက ရွှေဇင်ရွှေဆိုင်ကို သေနတ်ပြ၍ ရွှေထုပ်တစ်ထုပ်နှင့် ငွေထုပ်တစ်ထုပ် လုယက်သွားမှု ယနေ့ ဖြစ်ပွား

၅.၁၂.၂၀၂၅
Written By Min Thet

တရုတ်တန်းရှိ ရွှေဆိုင်တစ်ဆိုင်တွင် သေနတ်ပြ၍ ရွှေ ထုပ်တစ်ထုပ်နှင့် ငွေထုပ်တစ်ထုပ် လုယက်သွားမှု ယနေ့ ဒီဇင်ဘာလ ၅ ရက် နံနက်အချိန်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ ယနေ့ ဒီဇင်ဘာလ ၅ ရက် နံနက် ၉ နာရီကျော်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊အမှတ် (၆၈၉)၊ မြေညီထပ် ရွှေဇင်ရွှေဆိုင်တွင် အထက်ပါအတိုင်း သေနတ်ပြ လုယက်ခံခဲ့ရခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ရွှေဆိုင်ရှေ့တွင် မော်တော်ယာဉ်ကို ရပ်၍ ပစ္စည်းချနေစဉ် လူငယ်အမျိုးသား (၂)ဦး မော်တော်ဆိုင်ကယ်ဖြင့်ရောက်လာပြီး သေနတ်ပြကာ ရွှေထုပ်(၁)ထုပ်(စိစစ်ဆဲ)နှင့် ငွေကျပ်သိန်း တစ်‌ထောင်ပါ ငွေထုပ်(၁)ထုပ်တို့ကို လုယူသွားခြင်း ဖြစ်ကြောင်းသိရသည်။

“အခု ဖြစ်စဉ်နဲ့ ပတ်သက်လို့ လုယက်မှု ကျူးလွန်သူတွေကို လိုက်လံ စုံစမ်းမှု ဆောင်ရွက်နေကြတယ်။ မကြာခင် ဖမ်းမိနိုင်မှာပါ။ လက်ရှိမှာတော့ ပူးပေါင်းအဖွဲ့တွေနဲ့ စုံစမ်းတာတွေ လုပ်နေကြတာကိုပဲ ပြောနိုင်ပါသေးတယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက MT News ကို ပြောသည်။

မူရင်းသတင်း — Myanmar Transparency News