Myanmar Transparency News

ဆိုင်ကယ် ကယ်ရီသမားကို သတ်ပြီး ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံအိတ် လုယက်ခဲ့သူနှစ်ဦးအနက် တစ်ဦးကို သေမိန့်ချကာ တစ်ဦးကို အသက်မပြည့်သေးလို့ ကလေးသူငယ်တရားရုံးဆီ စွဲဆိုတင်ပို့

၁၆.၁၂.၂၀၂၅
Written by Hey Mar

ဆယ်ကျော်သက် လူငယ်နှစ်ဦးက ဆိုင်ကယ် ကယ်ရီသမားကို သတ်ပြီး ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံလုယက်မှုမှာ ပဲခူးခရိုင်တရားရုံးက အသက်ပြည့်ပြီးသူတစ်ဦးကို ဒီနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ကြိုးမိန့်ချကာ အသက်မပြည့်သေးသူကို ကလေးသူငယ် တရားရုံးထံ စွဲဆိုတင်ပို့ခဲ့ပြီး  ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့တာက မနှစ်က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၈ ရက်မှာဖြစ်ပြီး အခင်းဖြစ်နေရာက  ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ရွှေမင်းဝံသာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းဝန်း၊ မဟာဗောဓိပင်မြောက်ဘက်ရှိ ရေအိုင်မှာဖြစ်ကာ မိုးစက်အောင် (ခ) မိုးစက်ဆိုတဲ့ လူငယ်တစ်ဦး သတ်ဖြတ်စွန့်ပစ်ခံရပြီး ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံတို့ လုယူခံခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။

မိုးစက်အောင် (ခ)မိုးစက်က ဆိုင်ကယ်ကယ်ရီဆွဲဖို့ နေအိမ်က‌နေ ဩဂုတ်လ ၂၈ရက် ညနေ ၄ နာရီကတည်းက  ထွက်သွားခဲ့ပြီး နေအိမ်ဆီပြန်ရောက်မလာဘဲ ပျောက်ဆုံးနေတာကြောင့် ရှာဖွေစုံစမ်းရာ ဩဂုတ်လ ၃၁ ရက်နေ့ နံနက်(၈)နာရီခွဲ အချိန်ခန့်မှာ မိုးစက်အောင် (ခ) မိုးစက်ရဲ့ ရုပ်အလောင်းကို အင်းတကော်မြို့၊ အမှတ် (၆) ရပ်ကွက်၊ တောင်သုံးလုံးသွားကားလမ်း၊ စာသူငယ်ကျေးရွာ၊ ရွှေမင်းဝံသာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းဝန်း၊ မဟာဗောဓိပင်မြောက်ဘက်ရှိ ရေအိုင်အတွင်း ထိုးသွင်းပြတ်ရှဒဏ်ရာတွေနဲ့ ပက်လက်အနေအထား သေဆုံးလျက်တွေ့ရှိရပြီး Haojue အမျိုးအစား နီနက်ရောင်ဆိုင်ကယ်နဲ့ Mi အမျိုးအစား အပြာရောင်ဖုန်းတို့ ပျောက်ဆုံးနေတဲ့အတွက် မိုးစက်အောင်ရဲ့ဖခင်ဖြစ်သူက သားဖြစ်သူကို သတ်ပြီး ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံတို့ လုယူသွားသူတွေကို အရေးယူပေးဖို့ အင်းတကော်နယ်မြေရဲစခန်းထံ တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အမှုကို အင်းတကော်နယ်မြေရဲစခန်းမှ (ပ)၁၅၃/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ နဲ့ အမှုဖွင့်လှစ်ကာ အမှုမှ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ရှိသူတွေက စုံစမ်း​စစ်ဆေးဖော်ထုတ်ခဲ့ရာ စက်တင်ဘာ ၇  ရက်နေ့မှာ ပြစ်မှုကျူးလွန်သူ အောင်သက်ပိုင် ၁၉ နှစ်နဲ့ ငြိမ်းချမ်းအောင်(ခ)ကုလားလေး ၁၇ နှစ် အမှတ်(၄)ရပ်ကွက်၊ အင်းတကော်မြို့နေသူတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ 

ပြစ်မှုကျူးလွန်သူတွေရဲ့ ထွက်ဆိုချက်အရ ခမိတ်စျေးလမ်းဆုံရှိ ဆိုင်ကယ် ကယ်ရီဂိတ်ကနေ မိုးစက်အောင်က ရွှေမင်းဝံဘုန်းကြီးကျောင်းအတွင်းရှိ မဟာဗောဓိညောင်ပင်ကို ကယ်ရီငှားရမ်းသွားကာ မဟာဗောဓိညောင်ပင်အနီးအရောက်  မိုးစက်အောင်ကို  သတ်ကာ အလောင်းကို ရေအိုင်အတွင်းဆွဲချထားခဲ့ပြီး ဆိုင်ကယ်၊ ဖုန်းနဲ့  ပိုက်ဆံတို့ကို လုယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်အတွင်း လူသေဆုံးတဲ့အထိ ပြုလုပ်ခဲ့ပြီး ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံတို့အား လုယူခဲ့သူ အောင်သက်ပိုင် ၁၉ နှစ်ကို ဒီနေ့မှာ ပဲခူးခရိုင်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ဂ) အရ သေဒဏ်ကျခံစေရန်နဲ့ မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သတ်စေရန်  အပြီးသတ်အမိန့်ချမှတ်ခဲ့ပြီး အသက်မပြည့်သေးသူ ငြိမ်းချမ်းအောင်(ခ)ကုလားလေး ၁၇ နှစ်ကို  ပဲခူးမြို့နယ်ကလေးသူငယ်တရားရုံးဆီ တရားစွဲတင်ပို့ခဲ့ပြီး အမှုစစ်ဆေးဆဲဖြစ်ကြောင်းလည်း သိရှိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News