Myanmar Transparency News

လူနှစ်ဦး မီးလောင်ဒဏ်ရာရရှိခဲ့သော တပင်ရွှေထီး စက်သုံးဆီဆိုင်မီးလောင်မှု ၁၂ ဘီးယာဥ်ပေါ်မှ စက်သုံးဆီကို ပီပါထဲသို့ထည့်ရာမှ စတင်ဖြစ်ပွားသည်ဟု စစ်ဆေးတွေ့ရှိ

၁၈. ၁၂. ၂၀၂၅
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၅)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေး၊ “တပင်ရွှေထီး” စက်သုံးဆီဆိုင်တွင် ဒီဇင်ဘာလ ၁၆ ရက်က လူနှစ်ဦး မီးလောင်ဒဏ်ရာ ရရှိခဲ့သော မီးလောင်မှုမှာ ၁၂ ဘီးယာဥ်ပေါ်မှ စက်သုံးဆီကို ပီပါထဲသို့ထည့်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

ဖြစ်စဥ်မှာ “တပင်ရွှေထီး” စက်သုံးဆီဆိုင်တွင် Genlyon အမျိုးအစားအဖြူရောင် ၁၂ ဘီးယာဉ်ပေါ်မှ စက်သုံးဆီများကို Flower Pump ဖြင့် ပီပါထဲသို့ ဆီထည့်ရာမှ တည်ငြိမ်လျှပ်စစ်ကြောင့် မီးစတင်လောင်ကျွမ်းခဲ့​ပြီး မီးလောင်မှုကြောင့် ၁၂ ဘီးယာဉ်တစ်စီး၊ 92 ဓာတ်ဆီပီပါ အလုံး ၅၀ လုံးခန့်၊ ဒီဇယ်ပီပါ ၁၅ လုံးခန့်နှင့် အလျား​ ပေ ၂၀၊ အနံ ပေ၂၀ ရှိ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အသက် ၃၅ နှစ်အရွယ် ဦးဇော်ထွန်းတွင် မီးလောင်ဒဏ်ရာ၊ အသက် ၅၄ နှစ်အရွယ် ဆိုင်မန်နေဂျာ ဒေါ်ခင်ဝင်းဌေးတွင် မီးလောင်ဒဏ်ရာများရရှိပြီး တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူ​နေရကာ လူနာများမှာ အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။

တစ်နာရီခန့်ကြာမြင့်သော မီးလောင်မှုကို အုပ်ချုပ်မှုယာဉ် နှစ်စီး၊ မီးငြှိမ်းသတ်ယာဉ်ခြောက်စီး၊ ရေသယ်ယာဉ်ငါးစီးနှင့် သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီခွဲတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင် မီးလောင်မှုကြောင့် မီးလောင်ဒဏ်ရာရရှိသော မန်နေဂျာ ဒေါ်ခင်ဝင်းဌေးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အေးသာယာနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News