Myanmar Transparency News

ယာဉ်မောင်း အရက်သောက်ပြီး ယာဉ်ပြေးဆွဲရာက အရှိန်လွန်ကာ သစ်ပင်ဝင်တိုက်လို့ ခရီးသည် ၈ ဦး ကျိုးပဲ့ပေါက်ပြဲ ဒဏ်ရာများရရှိမှု နေပြည်တော်မှာ ဖြစ်ပွား

၁၉.၁၂.၂၀၂၅
Written by Hey Mar

အရက်နံ့ရနေတဲ့ ယာဉ်မောင်းက လမ်း‌ဘေးသစ်ပင်ကို အရှိန်လွန်ဝင်တိုက်လို့ ယာဉ်ပေါ်လိုက်ပါလာတဲ့ ယာဉ်မောင်း ယာဉ်နောက်လိုက်အပါအဝင် ၁၆ ဦးအနက် ၈ ဦး ကျိုးပဲ့ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ ‌မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ရန်ကုန် – မန္တလေး လမ်းဟောင်း၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အပိုင် စိမ်းစားပင်လမ်းအကွေ့အနီး သာယာစုကျေးရွာထိပ်မှာ ခရီးသည်တင်ယာဥ်ငယ်က မတော်တဆ သစ်ပင်ဝင်တိုက်မိတာလို့ သိရပါတယ်။ အဆိုပါယာဉ်ငယ်တွေက နေပြည်တော်၊ ဘောဂသီရိကားဝင်းကနေ ပျဉ်းမနား၊ ရမည်းသင်းတစ်လျှောက်ကရွာတွေကို ပြေးဆွဲနေတဲ့ ယာဉ်ငယ်အမျိုးအစားဖြစ်ပါတယ်။

“ကားပေါ်မှာက ကလေးတွေလည်းပါတယ်။ ကလေးသေးသေးလေးတွေ ထိပ်ပေါက် ခေါင်းမူးတွေ ဖြစ်တယ်။ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးက ပေါင်ကျိုးတယ်။ နောက်တစ်ဦးက လက်ကျိုးတယ်။ ကားသမားအပါ ရှစ်ဦးထိခိုက်ပါတယ်။ ကားသမားက ရှေ့ခန်းထဲ ညပ်နေပေမယ့် ပြင်းထန်ထိခိုက်တာမျိုးမရှိပါဘူး။ သက်ဆိုင်ရာက စစ်ဆေးတော့ အရက်သောက်စားထားတာတော့ တွေ့တယ်ပေါ့” လို့ MT Newsက ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

ဒဏ်ရာရရှိသူတွေကို  တာဝန်သိပြည်သူတစ်ဦးရဲ့ ယာဉ်အပါအဝင် ကရုဏာရှင်လူမူကူညီရေးပရဟိတအသင်း မှလူနာတင်ယာဥ်တွေနဲ့ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင်  ၁၀၀၀ ဆီ ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News