Myanmar Transparency News

မြောက်ဥက္ကလာပမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်အတွင်းသို့ ဘောက်ကားတစ်စီး အရှိန်လွန် ဝင်တိုက်ရာမှ လက်ဖက်ရည်ထိုင်သောက်နေသူတစ်ဦးသေဆုံးပြီး အမျိုးသားလေးဦးဒဏ်ရာရ

သက်တံ့
၂၂. ၁၂. ၂၀၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက်တွင် ဒီဇင်ဘာ၂၁ ရက် ညနေ ၄ နာရီခွဲခန့်အချိန်က ဦးသန်းကြွယ် လက်ဖက်ရည်ဆိုင်အတွင်းသို့ ဘောက်ကားတစ်စီးအရှိန်လွန်  ဝင်တိုက်ခဲ့ရာမှ ဆိုင်အတွင်း လက်ဖက်ရည်ထိုင်သောက်နေသူတစ်ဦးသေဆုံးပြီး အမျိုးသားလေးဦးဒဏ်ရာရရှိခဲ့သည်ဟု သုဇိတာပရဟိတ လူမှုအထောက်အကူပြုအသင်း၏ ကူညီဆောင်ရွက်ခဲ့မှုအရ သိရသည်။

ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ သုဇိတာလမ်းမကြီးနှင့် သီတာလမ်းထိပ်ရှိ ဦးသန်းကြွယ် လက်ဖက်ရည်ဆိုင်အတွင်းသို့ ဘောက်ကားတစ်စီးက အရှိန်လွန်ဝင်တိုက်ခဲ့ရာမှ ဆိုင်အတွင်းရှိနေသူများအနက် အမျိုးသားတစ်ဦး (စိုးရိမ်ရ)၊ အမျိုးသားလေးဦး(မစိုးရိမ်ရ) တို့ ဒဏ်ရာရခဲ့သဖြင့် မြောက်ဥက္ကလာပအထွေထွေရောဂါကုဆေးရုံကြီးသို့ ပရဟိတအဖွဲ့များက အချိန်နှင့်တစ်ပြေးညီ ကူညီပို့ဆောင်ခဲ့သော်လည်း ပြင်းထန်ဒဏ်ရာရသူတစ်ဦးမှာ ဆုံးပါးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဥ်တိုက်မှုဖြစ်စဥ်သို့ သုဇိတာပရဟိတလူမှုအထောက်အကူပြုအသင်း လူနာတင်ယာဥ် (၂)စီးအပြင် မြောက်ဥက္ကလာပမြို့နယ်လုံးဆိုင်ရာ ပရဟိတအသင်းများကွန်ရက်မှ အလင်းရောင် လူမှုအထောက် အကူပြုအသင်း၊ စေတနာရှင် (သွေးလှူအသင်း) နှင့်ကျောက်ရေတွင်းနာရေးကူညီမှုအသင်းတို့ ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ – သုဇိတာပရဟိတ လူမှုအထောက်အကူပြုအသင်း

မူရင်းသတင်း — Myanmar Transparency News