Myanmar Transparency News

ဆင်ပေါင်ဝဲ PDF များက အမျိုးသားတစ်ဦး၏ ဦးခေါင်းကို သေနတ်ဖြင့်တေ့ကာ ပစ်ခတ်သတ်ဖြတ်ပြီး ကားတစ်စီးလုယက်

နေမိုး
၂၅. ၁၂. ၂၀၂၅

ဆင်ပေါင်ဝဲမြို့နယ်တွင် NUG ဩဇာခံ PDF များက အမျိုးသားတစ်ဦး၏ ဦးခေါင်းအား သေနတ်ဖြင့်တေ့ကာ ပစ်ခတ်သတ်ဖြတ်ပြီး ကားတစ်စီးလုယက်သွားမှုဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက် နံနက် ၅ နာရီ ၅၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ လှေဝန်းကျေးရွာနေ ဦးအောင်နိုင်ဝင်း(၄၈)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ရှိ MDY-12 3R/— SO JEN မော်တော်ယာဉ်တစ်စီးအား လုယက်ယူဆောင်သွားခဲ့သဖြင့် ဦးအောင်နိုင်ဝင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။  

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ် ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News