Myanmar Transparency News

ဆိုင်ကယ်တစ်စီး လမ်းဘေးဓာတ်တိုင်နဲ့ သစ်ပင်ကြား၀င်တိုက်မိသွားလို့ စီးနင်းသူ ပြင်းထန်ဒဏ်ရာရကာ သေဆုံး

၂၉.၁၂.၂၀၂၅
Written by Hey Mar

ဆိုင်ကယ်တစ်စီး လမ်းဘေးဓာတ်တိုင်နဲ့ သစ်ပင်ကြား၀င်သွားပြီး စီးနင်းသူ ပြင်းထန်ဒဏ်ရာရကာ သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့မနက်အ‌စောပိုင်းက  ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)ပရဟိတ ပါရမီအသင်းထံကနေ သိရပါတယ်။ 

ဖြစ်စဉ်က ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်  မနက် ၅ နာရီ မိနစ်၂၀ အချိန်ခန့်က ပြည်မြို့၊ ဆင်စုရပ်၊ သာယာရွှေပြည်ဟိုတယ်အနီးမှာ အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့တာဖြစ်ပြီး လမ်းဘေးမှာ ဆိုင်ကယ်တစ်စီး ဓာတ်တိုင်နဲ့ သစ်ပင်ကို၀င်တိုက်မိရာက ဒဏ်ရာရလူနာရှိ‌ကြောင်း မနက်ခင်း လမ်းလျှောက်သူတစ်ဦးက သက်ဆိုင်ရာထံ အကြောင်းကြားလာခဲ့တာလို့ သိရပါတယ်။

တာဝန်ရှိသူတွေနဲ့အတူ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတပါရမီအသင်းက အခင်းဖြစ်နေရာကို ရောက်ရှိစဉ်မှာ ဒဏ်ရာရအမျိုးသားလူနာဟာ ဦး‌ခေါင်းနှဖူးကွဲ၊ ဘယ်ဘက်‌ခြေသလုံးပွင့်ထွက်ကျိုးတဲ့ ဒဏ်ရာတွေနဲ့ နေရာတင် ပွဲချင်းပြီး‌သေဆုံး‌ နေခဲ့ပြီလို့ သိရပါတယ်။

အသင်းမှတာဝန်ရှိသူက “ကျွန်တော်တို့ရောက်တော့ လူနာက သေဆုံးနေပြီမို့ ရဲအရေးကိစ္စတွေ ဆောင်ရွက်ပြီးတာနဲ့ ဆေးရုံပို့ပေးခဲ့ပါတယ်။ ကျန်တဲ့ မိသားစုနဲ့ဆက်သွယ်တာ၊ စုံစမ်းတာတွေကိုလည်း တာဝန်ရှိသူတွေ ဆက်လက်ဆောင်ရွက်နေကြပါတယ်။ ကျွန်တော်တို့ကတော့ လူနာအရေးပဲ ရှေးရှုလုပ်ဆောင်ပေးခဲ့ပါတယ်”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

အဆိုပါ သေဆုံးလူနာကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတ ပါရမီအသင်းမှ လူနာတင်ယာဉ်နဲ့ ပြည်ခုတင်(၅၀၀) ဆေးရုံရင်ခွဲရုံဆီ ဆက်လက်ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News