Eleven Media Group

အာဖရိကနိုင်ငံများဖလားပွဲမှာ (၃)ပွဲစလုံးရှုံးခဲ့တာကြောင့် ဂါဘွန်လက်ရွေးစင်အသင်းကို ဂါဘွန်အစိုးရ အရေးယူ

Photo: X

ဂါဘွန်အစိုးရဟာ ၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ဂါဘွန်လက်ရွေးစင်အသင်း အုပ်စု(၃)ပွဲစလုံးရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာကြောင့် နည်းပြအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး အသင်းကို ရပ်ဆိုင်းထားလိုက်ကြောင်း သိရပါတယ်။
ဒါ့အပြင် တိုက်စစ်မှူး အူဘာမီယန်းနဲ့ အသင်းခေါင်းဆောင် မန်ဂါတို့ကိုလည်း နောက်နောင် လက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်းမပြုဖို့ အပြစ်ပေးလိုက်ကြောင်း သိရပါတယ်။
ဂါဘွန်အသင်းဟာ ၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ကင်မရွန်းကို (၀-၁)ဂိုး၊ မိုဇမ်ဘစ်ကို (၂-၃)ဂိုး၊ အိုင်ဗရီကို့စ်ကို (၂-၃)ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။
ဒါကြောင့် ဂါဘွန်အားကစားဝန်ကြီး မမ်ဘူလာက နိုင်ငံအတွက် ဂုဏ်သိက္ခာကျဆင်းစေတဲ့ စွမ်းဆောင်မှုအဖြစ် သတ်မှတ်ပြီး အရေးယူအပြစ်ပေးမှုတွေ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဂါဘွန်အစိုးရက လက်ရွေးစင်အသင်းနည်းပြ မိုယူမာကို ရာထူးက ထုတ်ပယ်ပြီး နည်းပြအဖွဲ့ကို ဖျက်သိမ်းခဲ့သလို၊ အသင်းကိုလည်း နောက်ထပ်ကြေညာချက် မထုတ်ပြန်မချင်း ရပ်ဆိုင်းထားဖို့ အရေးယူခဲ့တာပါ။
တိုက်စစ်မှူး အူဘာမီယန်းက အုပ်စု(၂)ပွဲ ယှဉ်ပြိုင်ပြီးချိန် ပြိုင်ပွဲကထွက်ရဖို့ သေချာခဲ့ပြီးကတည်းက ပေါင်ဒဏ်ရာကို ကုသမှုခံယူဖို့ မာဆေးလ်အသင်းဆီ ပြန်သွားခဲ့တာကြောင့် နောက်ဆုံးပွဲမှာ မကစားခဲ့ရပါဘူး။
အသင်းခေါင်းဆောင် မန်ဂါကလည်း နောက်ဆုံးပွဲမှာ အရန်ခုံသာ ထိုင်ခဲ့ရတာပါ။
ဒါပေမဲ့ ဂါဘွန်အစိုးရက အသင်းအတွက် ပွဲအများဆုံးကစားထားတဲ့ မန်ဂါကိုရော ဂိုးအများဆုံးသွင်းထားတဲ့ အူဘာမီယန်းကိုပါ သီးသန့်အရေးယူခဲ့တာဖြစ်ပြီး နှစ်ဦးစလုံးက အသက်အရွယ်ကြီးရင့်နေပြီဖြစ်တာကြောင့် လက်ရွေးစင်ကစားသမားဘဝကနေ အနားယူဖွယ်ရှိနေကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group