Myanmar Transparency News

ဖလိုင်းဝိတ်ချန်ပီယံ ဂျော်ရှဝါဗန်ကို စိန်ခေါ်ထားသည့် အင်ဒိုနီးရှားဖိုက်တာ ဘီလယ်ဟာဆန်က ရှုံးပွဲဆက်နေသည့် လူးဝစ် ဂူရူလီကို အရေးနိမ့်ပြီး ပထမဆုံး ရှုံးပွဲကြုံ

သက်တံ့
၁၅. ၁၁. ၂၀၂၆

လက်ရှိ ဖလိုင်းဝိတ်ချန်ပီယံဖြစ်သည့်အပြင် ချန်ပီယံဆုနှစ်ကြိမ်ဆက်ကာကွယ်ထားသည့် မြန်မာနွယ်ဖွားဖိုက်တာ ဂျော်ရှဝါဗန်ကို လေကျယ်ကာ စိန်ခေါ်နေသဖြင့် အင်ဒိုကြက်ကြော်ဟု မြန်မာပရိသတ်များ ခေါ်ဆိုသည့် အင်ဒိုနီးရှားဖိုက်တာ ဘီလယ်ဟာဆန်သည် ​UFC 334 ပြိုင်ပွဲတွင် အနိုင်ရရန် အပြတ်အသတ် ရေပန်းစားသူအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးပွဲဆက်နေသည့် လူးဝစ် ဂူရူလီ၏ အံ့အားသင့်ဖွယ် အနိုင်ယူခြင်းကို ခံခဲ့ရပြီးနောက် ၎င်း၏ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပထမဆုံးအရှက်တကွဲရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရသည်။

​မက်ဒီဆင် စကွဲယား ဂါးဒင်း (Madison Square Garden) ၌ ကျင်းပသည့် UFC 334 ၏ အဓိကပွဲစဉ် (Main Card) အဖွင့်ပွဲတွင် ကြီးမားသော မထင်မှတ်သည့် အလှည့်အပြောင်းတစ်ခု ဖြစ်ပွားခဲ့သည်။ လူးဝစ် ဂူရူလီကို အနိုင်ရရန် လောင်းကြေး -1100 ကျော်ဖြင့် အပြတ်အသတ် ရေပန်းစားခဲ့သည့် ဘီလယ် ဟာဆန်သည် အမှတ်ဖြင့် အသာစီးမရဘဲ ၎င်း၏ ပထမဆုံးရှုံးပွဲကို ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

​ဟာဆန်သည် ဩဂုတ်လ ၁၁ ရက်က ကျင်းပခဲ့သော Dana White’s Contender Series (Season 10, Week 1) တွင် မရီဒူး ဆိုင်ကီယာ (Mridul Saikia) ကို တစ်မိနစ်မပြည့်မီ အလဲထိုးအနိုင်ယူကာ UFC စာချုပ်ကို ရရှိခဲ့သူဖြစ်သည်။ ထို့နောက် ၁၈ ရက်အကြာမှာပင် ၎င်း၏ UFC ပွဲဦးထွက်ကို လျင်မြန်စွာ ထိုးသတ်ခဲ့ပြီး နယ်လ်ဆင် ရိုဟတ်စ် (Nilson Rojas) ကို ဒုတိယအချီတွင် ထပ်မံအလဲထိုး အနိုင်ယူခဲ့သည့်အတွက် Performance of the Night ဆုကြေးကိုပါ ရရှိခဲ့သည်။

​ယင်းကဲ့သို့ နှစ်ပွဲဆက်တိုက် အလဲထိုးနိုင်ပွဲများကြောင့် ပရိသတ်အခိုင်အမာ ရရှိခဲ့သလို ၎င်း၏ အထင်ကြီးဖွယ် ထိုးသတ်ပုံများက UFC အဖွဲ့အစည်းအတွင်း နာမည်ကျော်ကြယ်ပွင့်တစ်ဦး ဖြစ်လာစေခဲ့ပြီး ဒုတိယမြောက်ပွဲစဉ်မှာပင် UFC 334 ၏ အဓိကပွဲစဉ် (Main Card) ၌ တိုက်ရိုက်ထိုးသတ်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

​‘The IndoNinja’ ဟု လူသိများသည့် ဟာဆန်သည် ပရော်ဖက်ရှင်နယ်မှတ်တမ်း ၁၀ ပွဲနိုင်၊ ရှုံးပွဲမရှိ၊ ၁ ပွဲ ရလဒ်ပယ်ဖျက် (10-0, 1 NC) ဆိုသည့် အရှိန်အဟုန်ကောင်းများဖြင့် ပွဲထွက်လာခဲ့ခြင်းဖြစ်ပြီး ပြိုင်ဘက် ဂူရူလီမှာမူ UFC တွင် ၁ ပွဲနိုင် ၄ ပွဲရှုံး မှတ်တမ်းသာ ရှိထားသဖြင့် အနိုင်ရရန် အခွင့်အရေး အလွန်နည်းပါးသူအဖြစ် သတ်မှတ်ခံခဲ့ရသည်။

​ပွဲစတင်ချိန်တွင် ဟာဆန်က ခြေထောက်ကန်ချက်များ (Leg kicks) ဖြင့် စတင်တိုက်စစ်ဆင်ခဲ့ပြီး ပထမအချီ စက္ကန့် ၅၀ တွင် ပြင်းထန်သော ဦးခေါင်းကန်ချက် (Head kick) တစ်ချက် ထိမှန်အောင် ကန်နိုင်ခဲ့သည်။ အင်ဒိုနီးရှား-အမေရိကန် ဖိုက်တာ ဟာဆန်သည် ကန်ချက်များဖြင့် အကွာအဝေးကို ထိန်းချုပ်ထားနိုင်ခဲ့သောကြောင့် ဂူရူလီအနေဖြင့် လက်သီးချက်များ ထိမှန်ရန် ခက်ခဲခဲ့သည်။

​သို့သော်လည်း ဂူရူလီက တည်တည်ငြိမ်ငြိမ်ဖြင့် အတွင်းခြေထောက်ကန်ချက်များ (Inside leg kicks) ကို ဆက်တိုက်ကန်သွင်းနိုင်ခဲ့သည်။ ပထမအချီ ပြီးဆုံးရန် ၁ မိနစ်နှင့် စက္ကန့် ၃၀ အလိုတွင် ‘Grim’ (ဂူရူလီ) က ညာဝိုက်လက်သီးတစ်လုံး တိတိကျကျ ထိုးချလိုက်ရာ ‘The IndoNinja’ (ဟာဆန်) ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ခြင်းမှာ ယင်းအချီ၏ အကြီးမားဆုံး အခိုက်အတန့် ဖြစ်ခဲ့သည်။

​ဒုတိယအချီတွင် ဟာဆန်က ပူးကပ်ချုပ်ကိုင်ထားချိန် (Clinch) ၌ ကိုယ်ထည်ကို ဒူးတိုက်ချက်ကောင်းများဖြင့် တိုက်ခိုက်နိုင်ခဲ့သလို ဂူရူလီကလည်း အတွင်းခြေထောက်ကန်ချက်များကို အရှိန်မြှင့် ကန်သွင်းခဲ့သည်။ ဟာဆန်သည် အဝင်အထွက် လက်သီးချက်များဖြင့် အကွာအဝေးကို ထိန်းထားနိုင်ခဲ့ပြီး ကိုယ်လှည့်နောက်ပြန်လက်သီး (Spinning backfist) တစ်ချက်လည်း ထိမှန်အောင် ထိုးနိုင်ခဲ့သည်။ သို့သော် အချီပြီးဆုံးရန် ၁ မိနစ်နှင့် ၃၆ စက္ကန့်အလိုတွင် ဂူရူလီက ဟာဆန်ကို ကြမ်းပြင်ပေါ်သို့ ဆွဲလှဲချနိုင်ခဲ့ပြီး (Takedown) အပေါ်စီးမှ တံတောင်ရိုက်ချက် အနည်းငယ် ထိုးသွင်းကာ ဒုတိယအချီ ပြီးဆုံးသွားခဲ့သည်။

​တတိယအချီတွင်မူ ဂူရူလီက ညာလက်သီးတစ်ချက် ထိမှန်အောင် ထိုးနိုင်ခဲ့ပြီး ပထမတစ်မိနစ်အတွင်းမှာပင် ဆွဲလှဲချနိုင်ခဲ့ပြန်သည်။ ထိုသို့ ဆွဲလှဲချခံရစဉ် ဟာဆန်၏ တံတောင်ရိုက်ချက်ကြောင့် ဂူရူလီ မျက်နှာကွဲသွားခဲ့သော်လည်း ဂူရူလီက အပေါ်စီးမှ ဆက်လက်ဖိထားပြီး လက်သီးချက်များ ထိုးသွင်းကာ ကျန်ရှိသည့် အချိန်တစ်လျှောက်လုံး မြေပြင်ချုပ်ကွက်ဖြင့် အသာစီးရယူ ထိန်းချုပ်သွားခဲ့သည်။

​ပွဲအပြီးတွင် ဒိုင်လူကြီးနှစ်ဦးက ဂူရူလီကို ၂၉-၂၈ မှတ်စီဖြင့် အနိုင်ပေးခဲ့ပြီး ကျန်တစ်ဦးက ဟာဆန်ကို ၂၉-၂၈ မှတ်ဖြင့် အနိုင်ပေးခဲ့သည်။ ထို့ကြောင့် ‘Grim’ သည် ဒိုင်သုံးဦးသဘောထားကွဲလွဲ အနိုင်ရလဒ် (Split-decision) ဖြင့် UFC တွင် ၎င်း၏ ဒုတိယမြောက်နိုင်ပွဲကို ရရှိခဲ့သလို ကြီးမားသည့် အံ့အားသင့်ဖွယ် အလှည့်အပြောင်းတစ်ခုကိုလည်း ဖန်တီးနိုင်ခဲ့သည်။ 

တစ်ချိန်တည်းမှာပင် ချန်ပီယံကိုစိန်ခေါ်ပြီး လေကျယ်နေသော်လည်း ရှုံးပွဲဆက်နေသည့် ဂူရူလီကိုပင် အနိုင်မရခဲ့သည့် အင်ဒိုကြက်ကြော် ဘီလယ်ဟာဆန်မှာ UFC ပရိသတ်များ၏ အကြီးအကျယ်လှောင်ပြောင်မှုကို ခံနေရပြီဖြစ်သည်။

Ref: MMA Sucka

မူရင်းသတင်း — Myanmar Transparency News