
ဆီဗီလာအသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ စပိန်နောက်ခံလူ ဆာဂျီယိုရာမို့စ်ဟာ ဆီဗီလာအသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းထားကြောင်း သတင်းထွက်လာခဲ့ပါတယ်။
ဆီဗီလာအသင်းရဲ့ ရှယ်ယာရှင်တွေက အသင်းကို ရောင်းထုတ်ဖို့ ဆန္ဒရှိနေတဲ့အတွက် ပြီးခဲ့တဲ့လက အမေရိကန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုနဲ့ ဆွေးနွေးခဲ့ပေမဲ့ အဆင်မပြေခဲ့တာကြောင့် ရာမို့စ်က ကမ်းလှမ်းမှုပြုလုပ်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ရာမို့စ်ကလည်း တစ်ဦးတည်း ဝယ်ယူမှာမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုနဲ့အတူ ဝယ်ယူဖို့ စီစဉ်ခြင်းဖြစ်ပြီး အလွန်များပြားတဲ့ ငွေကြေးပမာဏနဲ့ ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း စပိန်မီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။
ရာမို့စ်ဟာ ဆီဗီလာအသင်းရဲ့ လူငယ်စီမံကိန်းက ထွက်ပေါ်လာတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဆီဗီလာအသင်းမှာ နှစ်ကြိမ်ကစားခဲ့သူပါ။
ဒီဇင်ဘာလက မွန်တာရေးအသင်းနဲ့ လမ်းခွဲပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ ရာမို့စ်ဟာ ကစားသမားဘဝက အနားမယူသေးတာကြောင့် ဆီဗီလာအသင်းကို ဝယ်ယူနိုင်ခဲ့ရင် အသင်းမှာ ပြန်ကစားဖွယ်ရှိတယ်လို့လည်း ပရိသတ်တချို့က ထင်ကြေးပေးခဲ့ကြပါတယ်။