Myanmar Transparency News

တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်း‌ပေါ်ရှိ ချောင်းကူးတံတားပေါ်က‌နေ ဒီနေ့ ညနေပိုင်းက အမျိုးသားတစ်ဦး ခုန်ချလို့ ဆီးခုံကွဲဒဏ်ရာ အပြင်းအထန်ရ

၈.၁.၂၀၂၆
Written by Thiri

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်း‌ပေါ်ရှိ ချောင်းကူးတံတားပေါ်က‌နေ ဒီနေ့ ဇန်နဝါရီ ၈ ရက်နေ့ ညနေပိုင်းက အမျိုးသားတစ်ဦး ခုန်ချတဲ့အတွက် ပြင်းထန် ဆီးခုံကွဲ ဒဏ်ရာရရှိခဲ့ပေမယ့် လူမှုကူညီရေးအသင်းတွေက အသက်ကယ်တင်နိုင်ခဲ့တယ်လို့ ရွှေရုပ်လွှာလူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

အဆိုပါအမျိုးသားမှာ နေရပ်က ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ကလို့ သိရှိရပြီး ချောင်းရေစစ်တဲ့အချိန် ရေထဲခုန်ချခဲ့တယ်လို့ ယူဆရကာ ရေတိမ်ပိုင်းမှာကျတဲ့အတွက် အသက်အန္တရာယ်မထိခိုက်ပေမယ့် ရွံ့နွံထဲက အရာဝတ္ထုတစ်ခုခုနဲ့ ဆီးခုံကို ထိုးခွဲမိပုံရကြောင်းလည်း သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းသားတချို့က ဆိုပါတယ်။

ရွှေရုပ်လွှာ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “သူက ရေထဲပြုတ်ကျပြီးမှ ပြန်ပြီး ကမ်းပေါ် ဖက်တက်လာတာ။ ရေစစ်ချိန်ဆိုတော့ လတာပြင်က အကျယ်ကြီး။သူ့ကို ဝိုင်းဆွဲတင်ရတယ်။ အသက်တော့ ကယ်နိုင်တယ်။ ဒဏ်ရာတော့ရထားတာပေါ့။ ဆီးခုံမှာ ထိသွားတာက ဒဏ်ရာက လေး၊ ငါးလက်မ နီးပါးပဲ။ ကွဲသွားတာ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

အမျိုးသားတစ်ဦး ရေထဲ ခုန်ချတဲ့ သတင်းအရ နယ်‌မြေခံပရဟိအသင်း‌တွေနဲ့ မိတ်ဖက်အသင်းတွေက သွားရောက်ခဲ့ပြီး ရွှံ့တောထဲမှ အမျိုးသားကို ဆွဲတင်နိုင်ဖို့ ၀ိုင်း၀န်းကူညီပေးခဲ့ကာ ဒဏ်ရာရ အမျိုးသားကို ဓမ္မစိန်ရောင်လူမှုကူညီရေးအသင်း လူနာတင်ယာဉ်နဲ့ စံပြဆေးရုံဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News