Myanmar Transparency News

ရပ်ထားတဲ့ အိမ်စီးယာဉ်ပေါ်ကနေ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားအလောင်း တွေ့ရှိမှု ကြည်မြင်တိုင်မြို့နယ်မှာ ဖြစ်ပွား

၁၀. ၁.၂၀၂၆
Written by Thiri

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ အ .ထ.က (၁) ကျောင်းရှေ့မှာ ရပ်ထားတဲ့ Suzuki Solio Wagon အမဲရောင်ယာဉ်ငယ်ပေါ်မှာ အမျိုးသားတစ်ဦးရဲ့ ပုပ်ပွနေတဲ့ ရုပ်အလောင်း တွေ့ရှိသယ်ဆောင်ခဲ့ရကြောင်း လူမှုကူညီရေးအသင်းတချို့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ ကားရဲ့ အနီးအနားမှာ အလုပ်လုပ်နေတဲ့ စည်ပင်ဝန်ထမ်းအမျိုးသမီးက ကားနားကနေ အပုပ်နံ့တွေရနေကြောင်း၊ ကားအောက်မှာလည်း သွေးရောင်လို အရည်တွေ ကားထဲကနေ စိမ့်ကျနေတာကို တွေ့ရှိရကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ အကြောင်း ကြားလာတဲ့အတွက် တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးပြီး ရုပ်အလောင်းသယ်ဆောင်ပေးဖို့ လူမှုကူညီ‌ရေး အသင်းတွေဆီ စီစဉ် ‌ညွှန်ကြားခဲ့တဲ့အတွက် ရောင်စဉ်မဲ့ လူမှုကူညီရေး အသင်းက သွားရောက်သယ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အနီးအနားရှိဒေသခံတချို့ရဲ့ ပြောပြချက်အရ အဆိုပါကား အဲ့ဒီနားမှာ ရပ်ထားတာ ရက်အတန်ကြာနေပြီ ဖြစ်တယ်လို့လည်း သိရှိရပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကို စနစ်တကျ ထုပ်ပိုးကာ ရောင်စဉ်မဲ့ လူမှုကူညီရေး အသင်းယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဆီ အခမဲ့ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ – ရောင်စဥ်မဲ့ လူမှုကူညီရေးအသင်း

မူရင်းသတင်း — Myanmar Transparency News