
မန်ယူအသင်းက လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဘရာဇီးလ်ကွင်းလယ်ကစားသမား ကက်စီမီရိုကို သက်တမ်းမတိုးတော့ဘဲ လမ်းခွဲတော့မယ်လို့ အသင်းဝက်ဘ်ဆိုက်ကတစ်ဆင့် အတည်ပြုကြေညာခဲ့ပါတယ်။
အသက်(၃၃)နှစ်ရှိပြီဖြစ်တဲ့ ကက်စီမီရိုဟာ ၂၀၂၂ နွေရာသီမှာ ရီးယဲလ်မက်ဒရစ်ကနေ မန်ယူကို ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)နဲ့ ပြောင်းရွှေ့ခဲ့သူပါ။
ကက်စီမီရိုဟာ လက်ရှိအချိန်မှာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ(၁၄၆)ပွဲကစားပြီး (၂၁)ဂိုး သွင်းယူပေးထားပေမဲ့ (၄)နှစ်တာကာလအတွင်းမှာ ဆုဖလားအောင်မြင်မှုကတော့ လိဂ်ဖလားတစ်လုံးနဲ့ FA ဖလားတစ်လုံးသာ ရယူနိုင်ခဲ့ပါတယ်။
မန်ယူအသင်းအနေနဲ့ ကက်စီမီရိုကို နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်တဲ့ သဘောတူညီချက်ရှိနေပေမဲ့ ကွင်းလယ်ကို ကစားသမားသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းသွားဖို့ ရည်ရွယ်ထားတာကြောင့် ကက်စီမီရိုကို သက်တမ်းမတိုးတော့ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
''ကျွန်တော့်ရဲ့ ဘဝတစ်လျှောက်လုံး မန်ချက်စတာယူနိုက်တက်အသင်းကို သယ်ဆောင်သွားမှာပါ။ လှပတဲ့ကွင်းကြီးထဲ စတင်လျှောက်လှမ်းခဲ့ချိန်ကတည်းက အိုးလ်ထရက်ဖို့ဒ်ရဲ့ စိတ်အားထက်သန်မှုကို ခံစားခဲ့ရပြီး ပရိသတ်တွေနဲ့အတူ ဒီအသင်းကို ချစ်မြတ်နိုးခဲ့ရပါတယ်။ အခု နှုတ်ဆက်ရမယ့်အချိန် မဟုတ်သေးပါဘူး။ လာမယ့်(၄)လမှာ အမှတ်တရတွေ ပိုကျန်ရစ်အောင် ဖန်တီးရဦးမှာပါ။ ကျွန်တော်တို့ တိုက်ပွဲဝင်ရမှာတွေ အများကြီးရှိနေသေးပြီး အသင်းအောင်မြင်မှုရရှိဖို့အတွက် ကျွန်တော့်ရဲ့အရာရာကို ပေးဆပ်ကူညီသွားဖို့ အပြည့်အဝအာရုံစိုက်သွားမှာပါ'' လို့ ကက်စီမီရိုက ပြောကြားခဲ့ပါတယ်။