Eleven Media Group

ဂျာမန်မြေကို ဂျက်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ရှော်လ်ကေးအသင်းနဲ့ ရာသီကုန်အထိ စာချုပ်ချုပ်ဆို

Photo: X

ဘော့စနီးယားလက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူး ဂျက်ကိုဟာ (၁၅)နှစ်အကြာမှာ ဂျာမန်မြေကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ရှော်လ်ကေးအသင်းနဲ့ ရာသီကုန်အထိ စာချုပ်ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
လာမယ့် မတ်လမှာ အသက်(၄၀)ပြည့်တော့မယ့် ဂျက်ကိုဟာ ဖီအိုရင်တီးနားအသင်းနဲ့ လမ်းခွဲပြီး ရှော်လ်ကေးအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။
မန်စီးတီး၊ ရိုးမားနဲ့ အင်တာမီလန်အသင်းတွေမှာလည်း ကစားခဲ့ဖူးတဲ့ ဂျက်ကိုဟာ ဂျာမန်ကလပ် ဝုလ်ဖ်ဘတ်အသင်းမှာ ၂၀၁၁ ခုနှစ်အထိ ကစားခဲ့တာကြောင့် (၁၅)နှစ်ကြာမှ ဂျာမန်မြေကို တစ်ကျော့ပြန်ရောက်ရှိခြင်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဂျာမန်ဒုတိယတန်းကို ရောက်နေတဲ့ ရှော်လ်ကေးအသင်းက ဂျက်ကိုကို ကျောနံပါတ်(၁၀) ပေးအပ်ခဲ့ပြီး လက်ကျန်(၁၆)ပွဲမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။
ဘော့စနီးယားအသင်းက ၂၀၂၆ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့်ရဖို့အတွက် မတ်လမှာ Play-offs ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး လက်ရွေးစင်အသင်းကို အကူအညီပိုပေးနိုင်ဖို့ ဂျက်ကိုက အခုလို အသင်းပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group