Eleven Media Group

ဂရင်းလန်းအရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြင်သစ်အားကစားဝန်ကြီး ဆို

Photo: X

အမေရိကန်နဲ့ ဥရောပမဟာမိတ်နိုင်ငံတွေအကြား တင်းမာမှုရှိနေတဲ့ ဂရင်းလန်းကျွန်းအရေးနဲ့ ပတ်သက်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ဖို့ အစီအစဉ်မရှိသေးကြောင်း ပြင်သစ်အားကစားဝန်ကြီး မာရီနာဖာရာရီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းကို သိမ်းပိုက်ဖို့ တောင်းဆိုမှုကို ဆန့်ကျင်တဲ့ ဥရောပရှစ်နိုင်ငံကို အခွန်ကောက်ခံနိုင်ကြောင်း သတိပေးထားပြီး အဲဒီရှစ်နိုင်ငံထဲမှာ ပြင်သစ်လည်း ပါဝင်နေပါတယ်။
ထရမ့်က ဂရင်းလန်းကျွန်းကို သိမ်းယူဖို့ အင်အားသုံးမှာ မဟုတ်ဘူးလို့ ပြောကြားထားပေမဲ့လည်း ဥရောပမဟာမိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေးတင်းမာနေသလို လက်ဝဲယိမ်းပြင်သစ်နိုင်ငံရေးသမားတစ်ဦးက ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက် မယှဉ်ပြိုင်သင့်ကြောင်း တိုက်တွန်းထားပါတယ်။
ဒါပေမဲ့ ပြင်သစ်အားကစားဝန်ကြီး ဖာရာရီက ''လက်ရှိအခြေအနေအရ ဝန်ကြီးဌာနအနေနဲ့ ဒီကြီးကျယ်ခမ်းနားတဲ့ပြိုင်ပွဲကို သပိတ်မှောက်ဖို့ ဆန္ဒမရှိပါဘူး။ အခုတော့ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်မ မခန့်မှန်းနိုင်ပေမဲ့ နိုင်ငံရေးအုပ်စုတချို့ဆီက အသံတွေကိုလည်း ကြားရပါတယ်။ ကျွန်မက နိုင်ငံရေးကို အားကစားနဲ့ သီးခြားခွဲထားဖို့ ယုံကြည်သူတစ်ယောက်ပါ။ ကမ္ဘာ့ဖလားဟာ အားကစားကို ချစ်မြတ်နိုးသူတွေအတွက် အလွန်အရေးကြီးတဲ့ အချိန်အခါတစ်ခုပါ'' လို့ ပောကြားခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကနေဒါ၊ မက္ကဆီကို၊ အမေရိကန် သုံးနိုင်ငံမှာ ဇွန် ၁၁ ရက်ကနေ ဇူလိုင် ၁၉ ရက်အထိ ပူးတွဲကျင်းပမှာ ဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group