
စပါးအသင်းဟာ မာဆယ်လိုလက်သစ်အဖြစ် တင်စားခံထားရတဲ့ ဆန်းတို့စ်နောက်ခံလူ ဆိုဇာကို ယူရို ၁၅ သန်းနဲ့ ခေါ်ယူပြီး နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။
ဆိုဇာဟာ အသက် ၁၉ နှစ်သာ ရှိသေးတဲ့ ဆယ်ကျော်သက် ဘယ်နောက်ခံကစားသမားဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း ဘရာဇီးလ် ယူ-၁၇ အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် နာမည်ရလာခဲ့သူဖြစ်ပါတယ်။
ဆိုဇာဟာ ၂၀၂၅ ရာသီ ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာ ဆန်းတို့စ်အသင်းအတွက် ၂၄ ပွဲကစားကာ ခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် စပါးအသင်းက ပြိုင်ဘက်များထက် လက်ဦးမှုရယူကာ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
စပါးအသင်းက ဆိုဇာအတွက် အသုံးပြုခဲ့ရတဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးနဲ့ စာချုပ်သက်တမ်းကို အတိအကျဖော်ပြခြင်း မပြုခဲ့ပေမဲ့ မီဒီယာတွေက ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်း ဖြစ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
''ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ စပါးနဲ့ လက်တွဲခွင့်ရတာ မယုံနိုင်အောင်ပါပဲ။ ကျွန်တော်က ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကြည့်ရှုပြီး ကြီးပြင်းလာခဲ့သူဖြစ်တာကြောင့် ဒါဟာ ကျွန်တော့်အတွက် ငယ်ဘဝအိပ်မက်တစ်ခုဖြစ်ပြီး အစပြုဖို့ မစောင့်နိုင်တော့ပါဘူး။ ဒါဟာ ကျွန်တော့်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားတဲ့အဆင့်တစ်ဆင့်ပါပဲ။ ပရီးမီးယားလိဂ်က ကျွန်တော် ကျင်လည်ခဲ့တဲ့ ဘရာဇီးလ်နဲ့ အရမ်းကွဲပြားခြားနားပါတယ်။ ဒီစိန်ခေါ်မှုကို ရင်ဆိုင်ဖို့နဲ့ ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်လာခြင်းအတွက် ကျွန်တော် တကယ့်ကို စိတ်လှုပ်ရှားမိပါတယ်'' လို့ ဆိုဇာက ပြောကြားခဲ့ပါတယ်။
စပါးနည်းပြ သောမတ်စ်ဖရန့်ခ်ကလည်း ''ဆိုဇာကို အသင်းရဲ့လူစာရင်းထဲ ထပ်ဖြည့်နိုင်ခဲ့တဲ့အတွက် ကျွန်တော် တကယ်ကျေနပ်ပါတယ်။ သူက အရည်အသွေးပြည့်ဝသူဖြစ်ပြီး နည်းစနစ်ပိုင်းလည်း အရမ်းကောင်းပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။