Eleven Media Group

ယမားလ်ကို တခြားဂလက်ဆီကလာတဲ့ ကစားသမားလို့ အိုဗီယေဒိုနည်းပြ ချီးကျူး

Photo: X

အိုဗီယေဒိုအသင်းရဲ့နည်းပြ အယ်လ်မာဒါက ဘာစီလိုနာကြယ်ပွင့် ယမားလ်ဟာ တခြားဂလက်ဆီကလာတဲ့ ကစားသမားဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။
မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဘာစီလိုနာ ၃-၀ အိုဗီယေဒိုပွဲမှာ ယမားလ်က ဘာစီလိုနာအသင်းအတွက် တတိယဂိုး သွင်းယူပြီး ခြေစွမ်းပြကစားခဲ့တာကြောင့် အယ်လ်မာဒါက ချီးကျူးခဲ့ခြင်းလည်းဖြစ်ပါတယ်။
ပွဲအပြီး ယမားလ်အကြောင်း မေးမြန်းရာမှာ အယ်လ်မာဒါက ''ကျွန်တော်တို့ တခြားဂလက်ဆီက လာတဲ့ ကစားသမားတစ်ယောက်အကြောင်း ပြောနေတာပါ။ သူ့မှာ အရည်အသွေးများစွာရှိပြီး ပွဲရဲ့ အဓိကကျတဲ့ အခိုက်အတန့်တွေကို ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။ သူက ဒီအသက်အရွယ်မှာပဲ ကြယ်ပွင့်တစ်ဦးဖြစ်နေပြီး ပွဲများစွာကို အဆုံးအဖြတ်ပေးနိုင်ခဲ့ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
ယမားလ်က အဲဒီပွဲမှာ အသင်းအတွက် တတိယဂိုးကို Bicycle Kick နဲ့ သွင်းယူခဲ့တာဖြစ်ပြီး ဒီရာသီမှာ ပြိုင်ပွဲစုံ (၁၁)ဂိုးမြောက် သွင်းယူနိုင်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ဘာစီလိုနာအသင်းဟာ အိုဗီယေဒိုအသင်းကို အနိုင်ရခဲ့တာကြောင့် ရီးယဲလ်မက်ဒရစ်ထက် တစ်မှတ်အသာနဲ့ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group