
ရီးယဲလ်ကနေ လိုင်ယွန်အသင်းကို အငှားနဲ့ သွားရောက်ကစားနေတဲ့ ဘရာဇီးလ်တိုက်စစ်မှူး အန်းဒရစ်ဟာ တတိယမြောက်ပွဲမှာပဲ ဟက်ထရစ်သွင်းယူနိုင်ခဲ့ကြောင်း သိရပါတယ်။
အန်းဒရစ်(၁၉ နှစ်)ဟာ ပုံမှန်ပွဲကစားခွင့်ရရှိဖို့အတွက် အငှားထွက်ကစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လိုင်ယွန်အသင်းက ရာသီကုန်အထိ (၆)လစာ ငှားရမ်းမှုအတွက် ရီးယဲလ်အသင်းကို ယူရို(၁)သန်း ပေးချေရကြောင်း သိရပါတယ်။
အန်းဒရစ်ဟာ ပွဲဦးထွက်အဖြစ် ယှဉ်ပြိုင်ကစားတဲ့ လိုင်လီနဲ့ ပြင်သစ်ဖလားပွဲမှာပဲ လိုင်ယွန်အသင်းအတွက် ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး ဘရက်စ်နဲ့ကစားတဲ့ ပြင်သစ်လီဂူးပွဲမှာတော့ ဂိုးဖန်တီးမှုသာ ပြုလုပ်နိုင်ခဲ့ပါတယ်။
မနေ့က ယှဉ်ပြိုင်ကစားတဲ့ မက်ဇ်ကို (၅-၂)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာတော့ ဟက်ထရစ်သွင်းယူခဲ့တာဖြစ်ပြီး လိုင်ယွန်အသင်းအတွက် ပြင်သစ်လီဂူးမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ်လည်း (၁၉)နှစ်၊ (၁၈၈)ရက်နဲ့ မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် အန်းဒရစ်ဟာ ပြင်သစ်လီဂူးမှာ လိုင်ယွန်အသင်းအတွက် ဂိုးသွင်းယူနိုင်တဲ့ (၂၅)ဦးမြောက် ဘရာဇီးလ်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။