Eleven Media Group

စပါးနဲ့ သတင်းထွက်နေတဲ့ ရောဘတ်ဆန် လီဗာပူးလ်မှာပဲ ဆက်ရှိမယ်

Photo: X

စပါးအသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ စကော့တလန်လက်ရွေးစင် ဘယ်နောက်ခံလူ ရောဘတ်ဆန်ဟာ လီဗာပူးလ်အသင်းမှာပဲ ဆက်ရှိသွားမယ်လို့ သိရပါတယ်။
အသက်(၃၂)နှစ်ပြည့်တော့မယ့် ရောဘတ်ဆန်ဟာ လာမယ့်နွေရာသီမှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဒီရာသီမှာ ကာကက်ဇ်ရဲ့နောက် ဒုတိယဦးစားပေးကစားသမားအဖြစ်သာ ရပ်တည်နေရပါတယ်။
ရောဘတ်ဆန်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ပုံမှန်ပွဲကစားခွင့်ရရှိလိုတာကြောင့် စပါးအသင်းက ပေါင်(၅)သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး လီဗာပူးလ်အသင်းကလည်း ရောင်းထုတ်ဖို့ သဘောတူညီခဲ့ပေမဲ့ နည်းပြ အာနယ်ဆလော့နဲ့ အသင်းခေါင်းဆောင် ဗန်ဒိုက်တို့က ကန့်ကွက်ခဲ့ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းက ရိုးမားအသင်းထံ အငှားချထားတဲ့ ဆီမီကက်စ်ကို ပြန်ခေါ်ဖို့လည်း မလွယ်ကူတာကြောင့် ရောဘတ်ဆန်ကို စာချုပ်သက်တမ်းပြည့်တဲ့အထိ အသင်းမှာ ဆက်ထိန်းထားဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ရောဘတ်ဆန်ဟာ လီဗာပူးလ်အသင်းမှာ (၉)ရာသီမြောက် ယှဉ်ပြိုင်ကစားနေတာဖြစ်ပြီး အသင်းရဲ့လူစာရင်းထဲမှာ အလွန်အရေးပါတဲ့ ကစားသမားအဖြစ် ရှိနေဆဲဖြစ်ကြောင်း ဗန်ဒိုက်က မှတ်ချက်ပြုထားပါတယ်။

မူရင်းသတင်း — Eleven Media Group