
အာဆင်နယ်အသင်းဟာ အခုတစ်ပတ် ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယနေရာက မန်စီးတီး၊ တတိယနေရာက အက်စတွန်ဗီလာတို့နဲ့ (၄)မှတ်သာ ကွာဟတော့ပေမဲ့ ချန်ပီယံဖြစ်နိုင်ခြေ (၈၄.၄၄)ရာခိုင်နှုန်း ရှိနေဆဲဖြစ်ကြောင်း Opta ရဲ့ စူပါကွန်ပျူတာက ခန့်မှန်းခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ (၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တာဖြစ်ပြီး လီဗာပူးလ်၊ နော်တင်ဟမ်ဖောရက်စ်တို့နဲ့ သရေကျကာ မန်ယူကို ရှုံးနိမ့်ခဲ့တာပါ။
ဒါပေမဲ့ ဒီကာလအတွင်းမှာ အဓိကပြိုင်ဘက်နှစ်သင်းကလည်း အမှတ်လျော့မှုတွေ ရှိခဲ့တာကြောင့် ပွဲစဉ်(၂၃)အပြီးမှာ အာဆင်နယ်အသင်းက (၄)မှတ်ဖြတ်ထားနိုင်ဆဲ ဖြစ်နေတာပါ။
စူပါကွန်ပျူတာက မန်စီးတီးအသင်းရဲ့ ချန်ပီယံဖြစ်နိုင်ခြေကို (၈.၃၈)ရာခိုင်နှုန်း၊ အက်စတွန်ဗီလာအသင်းရဲ့ ချန်ပီယံဖြစ်နိုင်ခြေကို (၇.၀၉)ရာခိုင်နှုန်းအဖြစ်သာ သတ်မှတ်ထားတာကြောင့် အာဆင်နယ်အသင်းနဲ့ ခြားနားချက်ကြီးမားနေဆဲဖြစ်ကြောင်းလည်း တွေ့ရှိရပါတယ်။
လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၂၄)မှာ အာဆင်နယ်က လိဒ်စ်နဲ့ အဝေးကွင်း၊ မန်စီးတီးက စပါးနဲ့ အဝေးကွင်း၊ အက်စတွန်ဗီလာက ဘရန့်ဖို့ဒ်နဲ့ အိမ်ကွင်း ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်က ချန်ပီယံဆုအတွက် ဆန္ဒမဲကောက်ခံရာမှာတော့ အာဆင်နယ်က (၃၄ %)၊ မန်စီးတီးက (၂၉ %)၊ မန်ယူက (၂၇ %)၊ အက်စတွန်ဗီလာက (၇ %)ရရှိနေကြောင်း သိရပါတယ်။