
နာမည်ကျော် အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက လီဗာပူးလ်အသင်းနဲ့ ရီးယဲလ်နည်းပြဟောင်း အလွန်ဆိုတို့ရဲ့ကြားမှာ တရားဝင်ဆက်သွယ်မှုမရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ လက်ရှိနည်းပြ အာနယ်ဆလော့ရဲ့ ဦးဆောင်မှုကို ကျေနပ်အားရခြင်းမရှိတော့တာကြောင့် နည်းပြအပြောင်းအလဲလုပ်ဖို့ စဉ်းစားနေပြီး အလွန်ဆိုကို ဆက်သွယ်ခဲ့ကြောင်း သတင်းထွက်လာတာကြောင့် ဖာဘရီဇီယိုရိုမာနိုက အခုလို ပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။
''လီဗာပူးလ်အသင်းက အာနယ်ဆလော့နေရာ ရှာဘီအလွန်ဆိုကို ခန့်အပ်ဖို့ ဆက်သွယ်နေတယ်ဆိုတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို မေးခွန်းထုတ်တဲ့သူတွေ အများကြီးရှိနေပါတယ်။ လက်ရှိအခိုက်အတန့်မှာ လီဗာပူးလ်နဲ့ အလွန်ဆိုရဲ့ကြား ဒါမှမဟုတ် သူ့အေးဂျင့်ရဲ့ကြားမှာ တရားဝင်ဆက်သွယ်မှုပြုလုပ်တာမျိုး ကျွန်တော် မသိရှိသေးပါဘူး။ ဒါက အရမ်းကို ရှင်းလင်းပါတယ်။ ရှာဘီက မကြာခင် ပြန်လာမှာပါ။ သူက တစ်နှစ်၊ နှစ်နှစ်လောက် မနားချင်ပါဘူး။ အမြန်ဆုံးပြန်လာဖို့ ဆန္ဒရှိနေပါတယ်။ လီဗာပူးလ်က သူ့ကို အတိတ်မှာ ခေါ်ယူချင်ခဲ့ဖူးပါတယ်။ သူတို့ သူ့ကို သဘောကျပါတယ်။ ဒါကြောင့် နည်းပြအပြောင်းအလဲလုပ်ဖို့ ရွေးချယ်မယ်ဆိုရင် သူက လျာထားခံရသူတစ်ဦးဖြစ်မှာ သေချာပါတယ်။ ဒါပေမဲ့ အခုတော့ ဘယ်လိုဆက်သွယ်မှုကိုမှ ကျွန်တော် မကြားသိရသေးပါဘူး'' လို့ ဖာဘရီဇီယိုရိုမာနိုက ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး(၁၈)ပွဲမှာ (၅)ပွဲသာအနိုင်ရပြီး (၂၁)မှတ်သာရယူနိုင်ခဲ့တာကြောင့် အာနယ်ဆလော့အနေနဲ့ ရာထူးက ထုတ်ပယ်ခံရနိုင်ကြောင်း ထင်ကြေးပေးခံနေရပါတယ်။
အလွန်ဆိုကလည်း ရီးယဲလ်အသင်းနဲ့ လမ်းခွဲပြီး အသင်းလက်မဲ့ဖြစ်နေတာကြောင့် လီဗာပူးလ်ပရိသတ်တချို့က အလွန်ဆိုကို အလိုရှိနေကြောင်းလည်း သိရပါတယ်။