Myanmar Transparency News

လက်နက်မဲ့အမျိုးသားတစ်ဦးကို PDF ၁၀ ဦးက ဒလန်ဟု သမုတ်ကာ ဦးခေါင်းကို သေနတ်ဖြင့်တေ့၍ ပစ်သတ်မှု နတ်မောက်တွင်ဖြစ်ပွား

နေမိုး

၉. ၄. ၂၀၂၆

လက်နက်မဲ့အမျိုးသားတစ်ဦးကို PDF ၁၀ ဦးက ဒလန်တံဆိပ်ကပ်ကာ ဦးခေါင်းကို သေနတ်ဖြင့်တေ့၍ ရက်စက်စွာ ပစ်သတ်သွားမှု မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရှိရသည်။

NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၇ ရက် နံနက် ၅ နာရီတွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင်းကျေးရွာနေ ဦးကျော်ခိုင်မြဲ (၄၂)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ၁၀ ဦးခန့် ရောက်ရှိလာပြီး “ဒလန်” ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွား ခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News