
ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံဟောင်းဖြစ်တဲ့ နာမည်ကြီး ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီက တစ်ကျော့ပြန်ပွဲအဖြစ် ရုရှားလက်ဝှေ့သမား မာ့ခ်မူဒေါ့ဗ်နှင့် ထိုးသတ်ပြီးရင် တစ်နိုင်ငံတည်းသား အန်သိုနီဂျိုရှူအာနဲ့ ရင်ဆိုင်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
တိုင်ဆန်ဖျူရီ (၃၇ နှစ်)ဟာ ပရော်ဖက်ရှင်နယ်လက်ဝှေ့လောကကနေ ငါးကြိမ်မြောက် အနားယူကြောင်း ကြေညာခဲ့ပြီးနောက် တစ်ကျော့ပြန်ပွဲစဉ်အဖြစ် ဧပြီ ၁၁ ရက်မှာ လန်ဒန်မြို့က တော့တင်ဟမ်ဟော့စပါးကွင်းမှာ ရုရှားလက်ဝှေ့သမား မာ့ခ်မူဒေါ့ဗ် (၃၆ နှစ်) နဲ့ ယှဉ်ပြိုင်ထိုးသတ်မှာပါ။
တိုင်ဆန်ဖျူရီက အဲဒီပွဲပြီးရင် အန်သိုနီဂျိုရှူအာနဲ့ ထိုးသတ်လိုကြောင်း BBC Radio 5 Live အစီအစဉ်မှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
''အဲဒီပွဲ တကယ်ဖြစ်လာမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဖြစ်မလာခဲ့ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ကျွန်တော့်အနေနဲ့ လာမယ့် စနေနေ့ညမှာ အာဆလန်ဘက်မာ့ခ်မူဒေါ့ဗ်နဲ့ ထိုးသတ်ရမှာကိုပဲ အာရုံစိုက်ထားမှာပါ။ ဒါပေမဲ့ အရာအားလုံးအဆင်ပြေသွားရင်တော့ ဂျိုရှူအာနဲ့ပွဲက ကျွန်တော် နောက်ထပ် ထိုးသတ်ချင်တဲ့ပွဲပါ။ သူ ဂျိတ်ပေါလ်နဲ့ထိုးခဲ့တဲ့ပွဲကို ကျွန်တော် သိပါတယ်။ ဘာပဲဖြစ်ဖြစ် တကယ်တော့ ပွဲဆိုတာက ပွဲပါပဲ။ အခုပွဲပြီးတာနဲ့ အဲဒီပွဲအတွက် ကျွန်တော် ချက်ချင်းအဆင်သင့်ဖြစ်နေမှာပါ'' လို့ တိုင်ဆန်ဖျူရီက ပြောကြားခဲ့ပါတယ်။
တိုင်ဆန်ဖျူရီဟာ WBA(Spuer)၊ IBF၊ WBO စတဲ့ ဟဲဗီးဝိတ်တန်းခါးပတ် သုံးခုကို တစ်ကြိမ်နဲ့ WBC ဟဲဗီးဝိတ်တန်းခါးပတ်ကို တစ်ကြိမ် ရရှိဖူးသူဖြစ်ပါတယ်။
၎င်း စိန်ခေါ်ထားတဲ့ အန်သိုနီဂျိုရှူအာကလည်း WBA(Spuer)၊ IBF၊ WBO ချန်ပီယံခါးပတ် သုံးခုကို နှစ်ကြိမ်ရရှိခဲ့ဖူးသူပါ။