
မေဂျာလိဂ်ကလပ် စင်စင်နတီအသင်းဟာ နာမည်ကျော် ဘရာဇီးလ်တိုက်စစ်မှူး နေမာကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ၎င်းရဲ့ကိုယ်စားလှယ်တွေနဲ့ စတင်ဆွေးနွေးနေကြောင်း သိရပါတယ်။
စင်စင်နတီအသင်းဟာ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းနဲ့ နေမာ လမ်းခွဲချိန်ကလည်း ခေါ်ယူဖို့ ကြိုးပမ်းဖူးတဲ့အသင်းဖြစ်ပြီး နေမာက မေဂျာလိဂ်ကို မရွေးချယ်ဘဲ ငယ်ဘဝအသင်းဟောင်း ဆန်းတို့စ်အသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။
နေမာဟာ ဆန်းတို့စ်အသင်းနဲ့ ၂၀၂၆ နှစ်ကုန်ချိန်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ စင်စင်နတီအသင်းက လာမယ့်ဇူလိုင်လ မေဂျာလိဂ်အပြောင်းအရွှေ့ဖွင့်လှစ်ချိန်မှာ ခေါ်ယူဖို့ ချိန်ရွယ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
စင်စင်နတီအသင်းဟာ ကမ္ဘာကျော်ကစားသမားတွေနဲ့ အမေရိကန်လက်ရွေးစင်ကစားသမားတွေကို ပိုမိုပိုင်ဆိုင်နိုင်ဖို့ ပစ်မှတ်ထားနေတဲ့အတွက် နေမာကို ခေါ်ယူနိုင်ဖို့ ပထမတစ်ကြိမ်ကထက် ပိုမိုအားစိုက်ကြိုးပမ်းလာဖွယ်ရှိကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
နေမာဟာ ဆန်းတို့စ်အသင်းမှာ တစ်ကျော့ပြန်ယှဉ်ပြိုင်ကစားရာမှာ အသင်းရဲ့ အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်အသင်းမှာ ရွေးချယ်ခံရဖို့ မရေမရာဖြစ်နေပါတယ်။
နေမာက ဘရာဇီးလ်အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိဖို့ မျှော်လင့်နေသူဖြစ်ပြီး အဲဒီအတွက်ပဲ ၂၀၂၆ ကမ္ဘာ့ဖလားကာလအထိ ဆန်းတို့စ်အသင်းမှာ ယှဉ်ပြိုင်ကစားဖို့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါပေမဲ့ ဘရာဇီးလ်နည်းပြ အန်ဆယ်လော့တီက ပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်အတွင်း နေမာကို လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခြင်းမပြုခဲ့သလို၊ ရာနှုန်းပြည့်ကြံ့ခိုင်မှုပြည့်ဝမှသာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွေးချယ်ခံရမယ်လို့ သတိပေးထားပါတယ်။
ဒါကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရ၊ မရက နေမာရဲ့အနာဂတ်အပေါ် သက်ရောက်မှုများစွာ ရှိလာနိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
စင်စင်နတီအသင်းကတော့ နေမာကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။