Myanmar Transparency News

ရှစ်နှစ်သမီးကို ထင်းမီးဖြင့် ထမင်းချက်ခိုင်းရာမှ နေအိမ်တစ်လုံးမီးလောင်မှု ပင်လုံမြို့တွင် ဖြစ်ပွား

၁၀.၄.၂၀၂၆
Written by KL

ရှမ်းပြည်နယ်၊ ပင်လုံမြို့၊ ရပ်ကွက်(၂)၊ နော်ခမ်းလမ်းရှိနေအိမ်တစ်လုံးတွင် ဧပြီလ ၉ ရက် နံနက် ၁၀ နာရီခွဲအချိန်က ရှစ်နှစ်သမီးကို ထင်းမီးဖြင့် ထမင်းချက်ခိုင်းရာမှ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

၄၅ မိနစ်ခန့်ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် အလျား ၂၇ ပေ၊ အနံ ၁၈ ပေရှိ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း၊ အုတ်ညှပ်နှစ်ထပ်နေအိမ် တစ်လုံးနှင့် Hijet အဖြုရောင်မော်တော်ယာဥ်တစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

နေအိမ်မီးလောင်မှုကြောင့် အသက် ၅၂ နှစ်အရွယ် နေအိမ်ပိုင်ရှင် ဦးတလိုင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် ပင်လုံနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 

မူရင်းသတင်း — Myanmar Transparency News