
မန်စီးတီးနည်းပြ ဂွါဒီယိုလာက လာမယ့်တစ်ပတ် ယှဉ်ပြိုင်ရမယ့် အာဆင်နယ်နဲ့ပွဲက ဗိုလ်လုပွဲလိုဖြစ်လာမယ်လို့ ချယ်လ်ဆီးနဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
အခုတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်(၃၂)မှာ မန်စီးတီးက ချယ်လ်ဆီးကို (၃-၀)ဂိုးနဲ့ အနို်င်ရခဲ့ပြီး အာဆင်နယ်က ဘုန်းမောက်ကို (၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် မန်စီးတီးက တစ်ပွဲလျော့အနေအထားမှာ အာဆင်နယ်နဲ့ (၆)မှတ်သာ ကွာဟပါတော့တယ်။
လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၃၃)မှာ မန်စီးတီးနဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့ရမှာဖြစ်ပြီး မန်စီးတီးအသင်းရဲ့ အစ်တီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာပါ။
''အာဆင်နယ်နဲ့ပွဲက ဗိုလ်လုပွဲတစ်ပွဲပါပဲ။ ဒါပေမဲ့ မေ(၉)မှာ ယှဉ်ပြိုင်ရမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲကို လွယ်ကူလိမ့်မယ်လို့ ကျွန်တော့်ကို မပြောပါနဲ့။ ကျွန်တော်တို့ (၄၉)ပွဲမှာ ရှုံးပွဲ(၃)ပွဲသာ ရှိထားတဲ့အသင်း၊ ချန်ပီယံလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ ကျွန်တော်တို့ အောက်အသင်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့က ပိုကောင်းလိမ့်မယ်လို့ (၁)ပေါင်လောင်းမယ့်သူတောင် ဒီနိုင်ငံမှာ တစ်ယောက်မှ မရှိပါဘူး။ အခုတော့ နည်းနည်းခြားနားသွားနိုုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း သူတို့ လုပ်ဆောင်ခဲ့တာတွေအတွက် ကျွန်တော် အာဆင်နယ်ကို လေးစားမှုရှိပါတယ်။ နည်းပြ၊ ကစားသမားတွေနဲ့ သူတို့ရဲ့အရည်အသွေး၊ အခြေအနေတိုင်းမှာ သူတို့ဘယ်လောက် ပြိုင်ဆိုင်နိုင်စွမ်းရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါက ကျွန်တော်တို့အတွက် အကြီးမားဆုံးအလုပ် ဖြစ်လာမှာပါ။ ကျွန်တော်တို့ ဒီနိုင်ငံရဲ့ အကောင်းဆုံးအသင်း၊ ဥရောပရဲ့ အကောင်းဆုံးအသင်းနဲ့ ရင်ဆိုင်ရမှာပါ။ အာဆင်နယ်ကို တစ်ပွဲအနိုင်ရဖို့တောင် အရမ်းခက်ပါတယ်။ ရက်သတ္တပတ်အနည်းငယ်အတွင်း သူတို့ကို နှစ်ကြိမ်အနိုင်ယူဖို့ဆိုတာ စိတ်ကူးယဉ်ဆန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိုုးတက်လာနေပါတယ်။ ချန်ပီယံလိဂ်က ထွက်ခဲ့ရပေမဲ့ ကျွန်တော်တို့ ပိုပြီးလန်းဆန်းနေပါတယ်'' လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်တဲ့ မန်စီးတီး - အာဆင်နယ်ပွဲကို လာမယ့်တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည(၁ဝးဝ၀)နာရီမှာ ယှဉ်ပြိုင်ကစားရမှာပါ။