Eleven Media Group

လီဗာပူးလ်တိုက်စစ်မှူး အက်ကီတီကီ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရတော့မယ်လို့ သတင်းထွက်နေ

Photo: X

မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ PSG နဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး အက်ကီတီကီဟာ ကာလရှည်အနားယူရဖွယ်ရှိတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရတော့မယ်လို့ သတင်းထွက်နေပါတယ်။
ပြင်သစ်ကစားသမား အက်ကီတီကီဟာ PSG အသင်းကို (၀-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရခဲ့ပေမဲ့ မိနစ်(၃၀)ဝန်းကျင်မှာပဲ ဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲခံခဲ့ရပါတယ်။
ပွဲအပြီးမှာ လီဗာပူးလ်နည်းပြ အာနယ်ဆလော့က အက်ကီတီကီရဲ့ဒဏ်ရာအခြေအနေက ဘယ်လောက်ဆိုးရွားတယ်ဆိုတာ ပြောဖို့ခက်ပေမဲ့ အမှန်တကယ်ဆိုးရွားတယ်လို့ ထင်မြင်ကြောင်း ပြောကြားခဲ့သလို၊ အသင်းဖော် ကိုနာတေးကလည်း ဆိုးရွားတယ်လို့ ထင်မြင်ကြောင်း ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းက အက်ကီတီကီရဲ့ ဒဏ်ရာအခြေအနေကို ထုတ်ပြန်အသိပေးခြင်းမရှိသေးပေမဲ့ အားကစားမီဒီယာတွေကတော့ အက်ကီတီကီအနေနဲ့ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပြန်မကစားနိုင်တော့ရုံသာမက ဇွန်လမှာ စတင်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပါ လွဲချော်ရတော့မယ်လို့ ရေးသားဖော်ပြခဲ့ကြပါတယ်။
အက်ကီတီကီရဲ့ ဒဏ်ရာက ဖနောင့်ကြောပြတ်တောက်ခြင်းဖြစ်ဖွယ်ရှိကြောင်းလည်း သုံးသပ်ခဲ့ကြပါတယ်။

မူရင်းသတင်း — Eleven Media Group